ဧရာဝတီတိုင်းမ်
ဇွန်လ ၁၆ ရက်
ရခိုင်ပြည်နယ် အတွင်း မိုခါ ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ခဲ့ပြီး တစ်လ ပြည့်ချိန်အထိ မုန်တိုင်းသင့် ဒေသခံများ အတွက် စားနပ်ရိက္ခာနှင့် အမိုးအကာ အကူအညီများ ၇၀ ရာခိုင်နှုန်းခန့် လိုအပ်နေသေးကြောင်း သိရသည်။
အဆိုပါ မုန်တိုင်းသင့် ဒေသခံများ အခြေအနေနှင့် ပတ်သက်ပြီး ဇွန်လ ၁၄ ရက်နေ့က ရခိုင်အမျိုးသား အဖွဲ့ချုပ်/ရက္ခိုင့် တပ်တော် (ULA/AA) က သတင်း ထုတ်ပြန်ခြင်း ဖြစ်သည်။
လက်ရှိတွင် စားနပ်ရိက္ခာနှင့် အမိုးအကာ ထောက်ပံ့မှု အကူအညီ အရေးတကြီး လိုအပ်နေပြီး အရေးပေါ် ကယ်ဆယ်ရေး နှင့် အမိုးအကာအောက် အမြန်ဆုံး ပြန်လည် ရောက်ရှိရေး ကြိုးစားနေကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ပါဝင်သည်။
စားနပ်ရိက္ခာ လိုအပ်သော အိမ်ထောင်စု နှစ်သိန်းနီးပါး ရှိကာ အမိုးအကာ လိုအပ်သည့် အိမ်ထောင်စု တစ်သိန်းခွဲကျော် ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“တချို့ ပိုက်ဆံရှိတဲ့ သူတွေကတော့ ကိုယ်ထူကိုယ်ထ အိမ်ပြင်နေကြပြီ။ မရှိတဲ့သူတွေက ကူညီကယ်ဆယ်ရေးကိုပဲ စောင့်နေရတယ်။ နေစရာလုံးလုံး မရှိတဲ့သူတွေဆို ပုဂ္ဂလိက ထောက်ပံ့တာ ရှိတယ်။ တာပေါ်လင်စနဲ့။ အဓိက အမိုးအကာ အောက်ရောက်ဖို့ အရေးကြီးတယ်။ မိုးရာသီ ရောက်ပြီဆိုတော့ အမိုးအကာအောက် ရောက်နိုင်ရေး ကြိုးစားနေတာပဲ ရှိတယ်”ဟု ပုဏ္ဏားကျွန်းမြို့နယ် တောဖျားကန်ချောင်း ကျေးရွာ ဒေသခံတစ်ဦးကလည်း ပြောသည်။
ထို့ပြင် ကျေးရွာအတွင်း အိမ်ခြေ ၂၀၀ ကျော်ရှိရာတွင် ၁၀၀ ရာခိုင်နှုန်းနီးပါး ပျက်စီးသွားခြင်း ဖြစ်ပြီး နေအိမ်ပြန်လည် ပြုပြင်ရေးနှင့် စားဝတ်နေရေး အဓိက လိုအပ်ချက် မြင့်မားနေကြောင်း၊ ပုဂ္ဂလိက ထောက်ပံ့မှုများက စားစရာ၊ နေထိုင်စရာ မရှိသူများကို ထောက်ပံ့ နေကြကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားသည်။
ဘေးအန္တရာယ် ကျရောက်နေသည့် ဒေသ တစ်ခုလုံးနီးပါး ပြန်လည် ထူထောင်ရေး ဆောင်ရွက်ရာတွင် ULA/AA က နိုင်ငံတကာနှင့် ချိတ်ဆက်ပြီး ဆောင်ရွက်နိုင်ပါက ကူညီထောက်ပံ့မှု ကောင်းစွာရမည် ဖြစ်ပြီး ဒေသခံများ ပြန်လည် ရပ်တည်နိုင်မည် ဖြစ်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားများ သမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက ပြောသည်။
၎င်းက“ULA /AA ကတော့ အဓိက စိတ်ဓာတ်ခွန်အား ပံ့ပိုးတဲ့ အနေအထားမှာ ရှိတယ်။ တကယ်တမ်းကျ သူတို့မှာလည်း အစိုးရ တစ်ရပ် အနေနဲ့ ဘတ်ဂျက်ကို သုံးစွဲနိုင်တဲ့ အနေအထားရှိတဲ့ အစိုးရမဟုတ်တဲ့ အတွက်ကြောင့် ဒီလောက်အထိ ကြီးမားတဲ့ ဘေးဒုက္ခကို ပြန်တည်ဆောက်ဖို့ ဆိုတာကတော့ သိပ်တော့ မလွယ်လောက်ဘူး ထင်ပါတယ်”ဟုလည်း ပြောကြားသည်။
ပြည်နယ်အတွင်း မုန်တိုင်းဒဏ် ရင်ဆိုင်ရသည့် အကျိုးဆက်က အလွန် စိုးရိမ်စရာ အခြေအနေဖြစ်ပြီး ကူညီ ကယ်ဆယ်ရေး လုပ်ပေးနေသည့် INGO နှင့် NGO များ အပါအဝင် ဒေသခံ လူမှုအဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုများ ကလည်း ထိရောက်မှု ရှိကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်၊။
ရခိုင် ဒေသခံ တစ်ဦးကလည်း ရခိုင်ပြည်နယ် အတွင်း မုန်တိုင်း ဘေးသင့်ခံရမှု တစ်လကြာသွားပြီ ဖြစ်သော်လည်း စစ်ကောင်စီထံမှ အကူအညီ မရသေးဘဲ ဒေသခံ လူမှုရေး အဖွဲ့အစည်းများနှင့် ပုဂ္ဂလိက အလှူရှင်အဖွဲ့များ၏ ထောက်ပံ့မှုများ ရရှိကြောင်း ပြောကြားသည်။
စစ်ကောင်စီကမူ ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လျှပ်စစ်မီး ရရှိရေး၊ စာသင်ကျောင်းများ ပြုပြင်ခြင်း၊ မိုးစပါး ထောက်ပံ့ပေးခြင်း အပါအဝင် စားသောက်ကုန်များ ဈေးနှုန်း ချိုသာစွာ ရောင်းချ ပေးနေကြောင်း စစ်ကောင်စီ ဝါဒဖြန့် သတင်းစာများတွင် နေ့စဉ် ဖော်ပြလျက်ရှိသည်။
မိုခါ ဘေးအန္တရာယ် သင့်သည့် ဒေသများတွင် စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး မြို့နယ်များတွင် ၆၀ ရာခိုင်နှုန်းမှ ၉၅ ရာခိုင်နှုန်းခန့် အထိ ထိခိုက်ပျက်စီးမှု များပြားပြီး မင်းပြား၊ မြေပုံ၊ ကျောက်ဖြူ တို့တွင် ၃၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းခန့် အထိ ထိခိုက်ခံစားရမှု ရှိကြောင်း သိရသည်။
ထို့ပြင် ပျက်စီးဆုံးရှုံး ထိခိုက်ခံစားရမှု ၃၀ ရာခိုင်နှုန်းအောက်တွင် မာန်အောင်၊ တောင်ကုတ်၊ ရမ်းဗြဲ၊ အမ်း၊ ဂွ၊ သံတွဲ၊ မောင်တော်မြို့နယ်များ ပါဝင်သည်ဟုလည်း ဆိုသည်။
အလွန့်အလွန် အင်အားပြင်းထန်သော ဆိုင်ကလုန်း မုန်တိုင်း မိုခါသည် ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့တွင် ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသများကို ဖြတ်ကျော် တိုက်ခတ်သဖြင့် လူဦးရေ တစ်သန်းခွဲကျော် ထိခိုက်ခံစားရပြီး သေဆုံးသူ ၁၆၄ ဦး ရှိကြောင်း ရက္ခိုင့်တပ်တော် (AA) ၏ စာရင်းများအရ သိရသည်။
စစ်ကောင်စီကမူ လူနေအိမ်နှင့် တခြား အဆောက်အဦးပေါင်း ၂၇၃၇၂၃ လုံး ပျက်စီးခဲ့ကြောင်း၊ ပျက်စီးဆုံးရှုံးမှု တန်ဖိုးက ငွေကျပ် သန်းပေါင်း ၄၇၄၉၀၉ ရှိပြီး သေဆုံးသူပေါင်း ၁၄၃ ဦး ရှိကြောင်း၊ ထိခိုက်ဒဏ်ရာရသူ ၉၄ ဦးနှင့် မုန်တိုင်းသင့် ပြည်သူပေါင်း ၁ သန်း ၁ သိန်းခွဲကျော် (၁၁၅၄၆၄၅ ဦး) ရှိကြောင်း ထုတ်ပြန်ထားသည်။
လတ်တလောတွင် NGO ၊ ING0 များ ခရီးသွားခွင့် ပိတ်ထားကာ လုံခြုံရေးနှင့် နယ်စပ်ရေးရာကို စာတင်ပါက ခွင့်ပြုမည် ဖြစ်ကြောင်းလည်း ဇွန်လ ၁၂ ရက်နေ့မှာ စစ်ကောင်စီက ထုတ်ပြန်သည်။
ဇွန်လ ၈ ရက်နေ့ကလည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ လက်မှတ်နှင့် အကူအညီပေးရေး လုပ်ငန်းစဉ်များကို ရပ်နားရန် တားမြစ်စာတစ်စောင် ထွက်လာကြောင်း မီဒီယာ တချို့က ဖော်ပြသည်။
အဆိုပါ အကူအညီပေးရေး နှင့် ပတ်သက်ပြီး ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေး ရုံး (UNOCHA) က နေပြည်တော်နှင့် ညှိနှိုင်းမှုများ ပြုလုပ်နေသည်ဟုလည်း ဆိုသည်။
မိုခါ မုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ် အတွင်း ထိခိုက်ခံစားရမှု ရှိသည့် လူဦးရေ ၁ ဒသမ ၆ သန်းခန့် အတွက် လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီ အမေရိကန် ဒေါ်လာ ၃၃၃ သန်း ပေးနိုင်ရေး စစ်ကောင်စီကို မေတ္တာ ရပ်ခံ ထားကြောင်းလည်း UNOCHA က မေလကုန်ပိုင်းတွင် ထုတ်ပြန်ထားသည်။
ဆိုင်ကလုန်း မိုခါကြောင့် ရခိုင်ပြည်နယ်က မြို့နယ်ပေါင်း ၁၇ မြို့နယ်လုံး ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်းလည်း သိရသည်။
ဓာတ်ပုံ- ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားကန်ချောင်းကျေးရွာ မိုခါကြောင့် ပျက်ဆီးသွားပုံ
#မိုခါမုန်တိုင်း #တစ်လပြည့် #စားနပ်ရိက္ခာ #အမိုးအကာ၇၀#လိုအပ် #AAထုတ်ပြန် #Ayeyarwaddy_Times