ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဇွန် ၁၅ ရက်
ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသော စစ်ရှောင်ဒေသခံများ၏ နေအိမ်များကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဇွန်လ ပထမအပတ်မှ စတင်ကာ ပြန်လည်ပြုပြင်မှုများ လုပ်ဆောင်လျှက်ရှိနေကြောင်း သိရသည်။
မိုခါကြောင့် ပျက်စီးသွားသော နေအိမ်များကို ပြန်လည်ပြုပြင် ပေးမည့်သူမရှိခြင်းကြောင့် မီဇိုးရမ်ပြည်နယ်တွင် စစ်ဘေးရှောင်နေကြရသူများသည် မိမိဒေသသို့ ပြန်ကာ နေအိမ်များကို ပြန်လည်ပြုပြင်ရခြင်းဖြစ်ကြောင်း စစ်ရှောင်ဒေသခံများထံက သိရသည်။
“ပျက်စီးသွားတဲ့ နေအိမ်တွေကို ပြန်လည်ပြုပြင်ပေးမယ့်သူမရှိတော့ အလုပ်လုပ်နိုင်မယ့် ရွာခံတွေ စုပြီးတော့ ကျေးရွာအလိုက် အသီးသီးပြန်ကြတာပါ။ တချို့မလာနိုင်တဲ့ ရွာခံတွေဆီကနေ လမ်းစရိတ်အနေနဲ့ တအိမ်ထောင်ကို ရူဘီ ၅၀၀၀ စီကောက်ခံပြီးတော့ ပြန်ကြတာ။ နိုင်ငံတကာရော၊ အခြားအဖွဲ့အစည်းတွေဆီကလည်း ထောက်ပံ့မှုတွေ လုံးဝ မရပါဘူး။ ကိုယ်ထူကိုယ်ထစနစ်နဲ့ ပြုပြင်နေကြတာပါ” ဟု ဘွေထီယားကျေးရွာခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ခုနှစ်၊ နှစ်ကုန်ပိုင်းမှ စတင်၍ မတူပီမြို့နယ် ငလိုင်ကျေးရွာ၊ ကိလှုန်းရွာ၊ ကစဲ၊ တီပေါ၊ လုံလှော၊ ဘွေထီယား၊ ဘနိုင်နှင့် ခွာငန်းကျေးရွာများမှ ဒေသခံများသည် မီဇိုးရမ်ပြည်နယ်ဘက်သို့ ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။
အဆိုပါကျေးရွာများတွင် မိုခါမုန်တိုင်းကြောင့် နေအိမ်စုစုပေါင်း ၂၀၀ နီးပါးခန့် ပျက်စီးသွားပြီး စစ်ကောင်စီတပ်က အနီရောင်နယ်မြေအဖြစ်သတ်မှတ်ထားသည့် နေရာ ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
ကိုယ်ထူကိုယ်ထနစ်ဖြင့် ပျက်စီးသွားသော နေအိမ်များကို ပြန်လည်ပြုပြင်ရာတွင် မတူပီမြို့ပေါ်သို့ ဝင်/ထွက်မရခြင်း၊ အိမ်ဆောက်ပစ္စည်းများလည်း လုံလုံလောက် လောက်မရနိုင်ခြင်းတို့ကြောင့် တချို့နေအိမ်များကို မပြုပြင်နိုင်၍ ဖျက်ဆီးခဲ့ရကြောင်း ဒေသခံများက ဆိုသည်။
ဓာတ်ပုံ-CDF-မတူပီ
မတူပီတွင် မိုခါကြောင့် စစ်ရှောင်ဒေသခံများ၏ ပျက်စီးသွားသော နေအိမ်တချို့။
#ချင်းပြည်နယ် #မတူပီ #မိုခါမုန်တိုင်း #ပျက်စီးသွားသောနေအိမ်များ #စစ်ရှောင်ဒေသခံများ #ကိုယ်ထူကိုယ်ထ #ပြန်လည်ပြုပြင် #Ayeyarwaddy_Times