နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇွန်လ ၁၅ ရက်
စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကရင်ပြည်နယ် KNU တပ်မဟာ (၂) နယ်မြေ တောင်ငူခရိုင် ထိုလွီဝါး ကျေးရွာရှိ အထက်တန်းကျောင်းအနီးရှိ ကျောင်းသူအဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ ကျောင်းသူ သုံးဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်မှာ ဇွန်လ (၁၄)ရက်နေ့ည (၁၁)နာရီအချိန်ခန့်က ဖြစ်ပွါးခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများကဆိုသည်။
တောင်ငူမြိူ့နယ် ရှားစေဘိုအခြေစိုက် အမှတ် (၃၀၆) ခြေလျင်တပ်ရင်းမှ လက်နက်ကြီးနှင့် ပစ်ခတ်ရာတွင် လက်နက်ကြီးကျည်တစ်လုံး သည် စာသင်ကျောင်းအနီးတွင်ရှိသည့် ကျောင်းသူအဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ ကျောင်းသူများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။
” ကရင်ပြည်နယ်အတွင်းမှာတော့ တိုက်ပွဲရှိရှိမရှိရှိ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်နေတာပဲ ဇွန်လ ပထမအပတ်ထဲက လည်း ကရင်ပြည်နယ်မြဝတီမြို့ပေါ်မှာရှိတဲ့တပ်တွေ က တပ်မဟာ (၆)နယ်မြေကို အကြိမ်ကြိမ်လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူတွေ ထိခိုက်ရတာတွေ ရှိတယ်။ စစ်ကောင်စီက ကရင်ပြည်နယ်အတွင်း ထိုးစစ်ဆင်လာပြီးကတည်းက အထိနာနေတာနဲ့ အဝေးကလက်နက်ကြီးနဲ့ပစ်တာ လေယာဥ်နဲ့ ဗုံးကြဲတာလောက်ပဲလုပ်တတ်တော့တယ် “ဟု တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီက လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့သည့် ထိုလွီဝါး ကျေးရွာရှိ ထိုလွီဝါး အထက်တန်းကျောင်းသည် ကျောင်းသူကျောင်းသား (၂၀၀၀) ကျော်အထိ ပညာသင်ကြားနေသည့် ကျောင်းဖြစ်ကာ ယခုကဲ့သို့ ကျောင်းသားများနေထိုင်သည့် အဆောင်ပေါ် သို့ လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲမှုသည် ပထမဥဦးဆုံးအကြိမ်ဖြစ်သည်။ လက်ရှိတွင် စာသင်ကျောင်းအား ယာယီပိတ်ထားကြောင်း သိရသည်။
ဓာတ်ပုံ-လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည့် ကျောင်းသူများ၏ အဆောင်
#စစ်ကောင်စီ #လက်နက်ကြီးနှင့်ပစ် ကျောင်သူ၃ဦးထိခိုက်ဒဏ်ရာရ #Ayeyarwaddy_Times