ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဇွန်လ ၁၅ ရက်
တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်၊ကံပေါက်ဒေသ၊ဖားချောင်းကျေးရွာအုပ်စု၊ဖားချောင်း ရွာက စစ်ကောင်စီသတင်းပေးဆိုသူ လက်နက်ကိုင်ဆောင်ထားတဲ့ပျူစောထီး ခေါင်းဆောင်တစ်ဦး ဇွန်လ ၁၁ ရက် ညနေပိုင်းက ပစ်သတ်ခံရကြောင်း ဒေသခံများထံကသိရသည်။
ပစ်သတ်ခံရသူသည် အသက် ၅၅ နှစ်ခန့်ရှိ ပျုစောထီးခေါင်းဆောင် ဦးစုရွှေ ဆိုသူဖြစ်ကြောင်း ဒေသခံများက ပြောသည်။
” သူက လက်နက်ကိုင်ဆောင်ထားတဲ့ ပျူစောထီးခေါင်းဆောင်ပေါ့။ ရွာမှာဆိုအရမ်းဆိုးတဲ့သူပေါ့။ရွာသားတွေလည်း သူ့ကိုကြည့်မရဘူး။သူ့မှာတပည့် ပျူစောထီးတွေလည်းအများကြီးပဲ့။တပည့်တွေ ကိုလည်း လက်နက်တွေပေးထားတယ်။ပြီး တော့ သူက မူးယစ်ဆေးဝါးတွေကို ရောင်းနေတဲ့ ဒိုင်ကြီးပေါ့။ သူ့အိမ်ပေါ် မှာလည်း နှစ်လူးပြူးသေနတ် ကြီးကို ချိတ်ထားတယ်။ PDF တွေ လာရင် ပစ်မလို့တဲ့။အခုတော့ PDF တွေ ပစ်သတ်လို့ သေသွားပြီ”ဟု ဖားချောင်းရွာ သား ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ကို
ပြောသည်။
ပစ်ခတ်ခံရ၍ သေဆုံးခဲ့သူသည် စစ်ကောင်စီတပ်သားများက PDF များရှိသည့် နေရာများသို့ စစ်ကြောင်းထိုးလျှင် လမ်းပြအဖြစ်လိုက်ပါဆောင်ရွက်နေသူဖြစ်ကြောင်းလည်း ဒေသခံများက ပြောသည်။
“သူက ရွာသားတွေကို အမြဲခြိမ်းခြောက်တယ်။နင်တို့က ငါ့ကိုဘာထင်နေလည်း စစ်တပ်ကို ငါ အခုဖုန်းဆက်ခေါ်ပြီး ဖမ်းခိုင်းလိုက်မယ် လို့ အမြဲခြိမ်းခြောက်ပြောဆိုလေ့ ရှိတယ်” ဟု ဖားချောင်းရွာသားတစ်ဦးက ဧရာဝတီတိုင်းမ် ကို
ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ဖားချောင်းကျေးရွာအုပ်စုတွင် စစ်ကောင်စီသတင်းပေး များဖြစ်ကြသည့် တောင်ရင်းအင်းရွာက ဦးနိုင်ဝင်း နှင့် ဖားချောင်းရွာ က ဦးကျော်ဦး တို့ နှစ်ဦး ပစ်သတ်ခံခဲ့ရပြီး ဦးစုရွှေမှာ တတိယမြောက် ပစ်ခတ်ခံရ၍ သေဆုံးသူ ဖြစ်သည်။ ဦးစုရွှေကို မည်သည့်အဖွဲ့အစည်းက ပစ်ခတ်ခဲ့သည်ကို မသိရသေးကြောင်း ဒေသခံများကပြောသည်။
ဓာတ်ပုံ–သေနတ်ဖြင့်ပစ်သတ်ခံရသည့် ပျူစောထီးခေါင်းဆောင်