ဧရာဝတီတိုင်းမ်
(ချင်း)၊ ဇွန်လ ၁၅ ရက်
မီဇိုရမ်ပြည်နယ်တွင် ရာသီတုပ်ကွေးဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင်စခန်းတွင် နေထိုင်ကြသော မြန်မာစစ်ဘေးရှောင်အများအပြားဖျားနာနေကြောင်စစ်ဘေးရှောင်ပြည်သူများထံမှ သိရသည်။
ရာသီတုပ်ကွေးဖြစ်ပွားမှုကြောင့် ဖျားနာနေကြသော စစ်ဘေးရှောင်ပြည်သူများကို စစ်ဘေးရှောင်စခန်းရှိ CDMကျန်းမာရေးဝန်ထမ်းများကဆေးကုပေးနေသလို မီဇိုးရမ်အတွင်းရှိ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ ပြသကုသနေရကြောင်းသိရသည်။
” ပြီးခဲ့တဲ့ မေလ၊ လကုန်ပိုင်းကနေ ရာသီတုပ်ကွေးတွေ စတင်ဖြစ်နေတာ။ စစ်ဘေးရှောင်စခန်းတွေမှာ အကုန်လုံးနီးပါးဖျားကြတယ်။ တချို့ဆို မိသားစုအလိုက်အကုန်ဖျားတော့ အလုပ်မလုပ်နိုင်တဲ့အတွက် မိသားစုစားဝတ်နေရေးအခက်အခဲလည်း ကြုံနေကြရတယ်” ဟု မီဇိုးရမ်ပြည်နယ်၊ ဆိုက်ကာစစ်ဘေးရှောင်စခန်းမှ တာဝန်ခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
ရာသီတုပ်ကွေးဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် အလုပ်အကိုင်ရပ်ထားခဲ့ရပြီး လိုအပ်သော ဆေးဝါးများဝယ်ယူနိုင်ရန်နှင့် ဆေးကုသရန် ငွေကြေးအခက်အခဲများအပါအဝင် မိသားစုစားဝတ်နေရေးအတွက်ပါ အခက်အခဲကြုံတွေ့နေရကြောင်းသိရသည်။
” မြို့ထဲမှာနေတဲ့ ဒေသခံတွေလည်း ဒီရာသီတုပ်ကွေးကြောင့် ဖျားနာတွေ ရှိတယ်။ ဒါပေမယ့် နည်းတယ်ပေါ့နော်။ စစ်ဘေးရှောင်စခန်းမှာတော့ တစ်ယောက်ဖျားပြီဆိုရင် တဆင့်ဆင့်ကူးစ်ပြီး စခန်းတစ်ခုလုံးအကုန်ဖျားကြတယ်” ဟု CDMကျန်းမာရေးဆရာမတစ်ဦးက ပြောသည်။
မီဇိုးရမ်ပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူများကို ဒေသအစိုးရအပါအဝင် အလှူရှင်များ၏ ထောက်ပံ့မှုများလည်း ယခင်ထက် လျော့နည်းလာမှုကြောင့် ခက်ခက်ခဲခဲရုန်းကန်နေကြရကြောင်းစစ်ဘေးရှောင်တာဝန်ခံများထံမှ သိရသည်။
#မီဇိုးရမ်ပြည်နယ် #စစ်ဘေးရှောင်စခန်း #ရာသီတုပ်ကွေး #စစ်ဘေးရှောင်ပြည်သူ #ဖျားနာမှုများပြား
Photo-မီဇိုးရမ်ပြည်နယ်၊ လုံးလေခရိုင်၊ ထိုက်ဇော်စစ်ဘေးရှောင်စခန်း
#Ayeyarwaddy_Times