ဧရာဝတီတိုင်းမ်
ဇွန်လ ၁၅ ရက်
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့မှာ စစ်ကောင်စီတပ်နဲ့ရဲတွေက နေအိမ်တစ်လုံးနဲ့ ဆန်စက်တစ်လုံးကို ဇွန်လ ၁၂ ရက်နေ့ တစ်ရက်တည်းမှာ လိုက်လံချိပ်ပိတ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
PDF တွေနဲ့ ဆက်သွယ်ထောက်ပံမှုပြုလုပ်နေတယ်ဆိုပြီး စွပ်စွဲဖမ်းဆီးဖို့ကြိုးစားတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူနှစ်ဦးရဲ့ နေအိမ်နဲ့ ဆန်စက်တွေကို ရဲနဲ့ စစ်ကောင်စီတပ်သားတွေက လိုက်ပြီးချိပ်ပိတ်တာလို့ ဒေသခံတွေက ပြောပါတယ်။
“ဘိုကလေးမှာ ဒီလထဲမှာ ရှောင်နေတဲ့လူတွေ နေအိမ်တွေကို ချိတ်ပိတ်နေတာ။ ဖမ်းမမိတာနဲ့ သူများနေအိမ်တွေကိုပြသနာလိုက်ရှာနေတာ။ဒီလထဲမှာ ၅ လုံးလောက်ရှိနေပြီ”လို့ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောပါတယ်။
ချိပ်ပိတ်ခံရတဲ့နေအိမ်တွေဟာ နိုင်ငံရေးလှုပ်ရှားမှုတွေပြုလုပ်တာကြောင့် စစ်ကောင်စီတပ်က ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က) နဲ့ တရားစွဲဆိုတာကြောင့် တိမ်းရှောင်နေတဲ့ ကွင်းဘုန်းကြီးကျေးရွာက ကိုရဲမင်းပိုင် နေအိမ်နဲ့ အောက်လှည်းဆိပ်ကျေးရွာက အောင်ဆန်းဝင်း ဆန်စက်တို့ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က ဘိုကလေးမြို့အမှတ် ၃ ရပ်ကွက်က ပုဒ်မ ၅၂(က)နဲ့ ဖမ်းဆီးခံထားရတဲ့ အမျိုးသားတစ်ဦးရဲ့ ၂ ထပ်တိုက်တစ်လုံး၊ အမှုဖွင့်ခံရပြီ လက်ရှိတိမ်းရှောင်နေတဲ့ အမှတ် ၉ ရပ်ကွက်၊ ၁၀ လမ်းကအမျိုးသမီးတစ်ဦးရဲ့ တစ်ထပ်တိုက်တစ်လုံး၊ သာပေါင်းကျေးရွာအုပ်စုက အမျိုးသားတစ်ဦးရဲ့ပျဥ်ထောင်အိမ်တစ်လုံး၊ စုစုပေါင်း ၃ လုံးကို ချိပ်ပိတ်သိမ်းဆည်းခဲ့သေးတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
ဘိုကလေးမြို့နယ်မှာ စစ်အာဏာသိမ်းပြီနောက်ပိုင်း စစ်အာဏာသိမ်းမှု ဆန်ကျင်ဆန္ဒပြပွဲတွေမှာ ပါ၀င်ခဲ့လို့ တိမ်းရှောင်နေရတဲ့ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကိုကူညီတယ်ဆိုပြီး စွပ်စွဲ ထားသူတွေရဲ့ နေအိမ် စုစုပေါင်း ၂၀ နီးပါးက်ို စစ်ကောင်စီက ချိတ်ပိတ်သိမ်းဆည်းထားတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
#ဘိုကလေးမြို့ #စစ်ကောင်စီ #နေအိမ်နဲ့ဆန်စက် #တစ်လုံးကိုချိပ်ပိတ်၊ #ဇွန်လ #ချိပ်ပိတ်ခံရသည့်နေအိမ်၅လုံးထိရှိ
#Ayeyarwaddy_Times