ဧရာဝတီတိုင်းမ်
ဇွန်လ ၁၅ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဇွန်လ ၁၄ ရက်နေ့က ကျေးရွာလူတွေနေထိုင်တဲ့အနား ကပ်လျက်ရှိတဲ့ ကျောက်တွင်းပြိုကျမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာဘေး လမ်းမနဲ့ကပ်လျက်မှာတူးနေတဲ့ “ကျော်နိုင်နဲ့ညီများ”ကုမ္ပဏီ ပိုင်လုပ်ကွက်က ကျောက်ကျင်းတစ်ကျင်းဟာ ဆန်ခါအရှင်ကြီး စင်ဘေးကနေ ကမ်းပါးပြိုကျတာတွေ ဖြစ်ပေါ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“ ပြိုကျတာတော့ မနည်းများတယ်၊ ဒါပေမယ့် လူထိခိုက်သေဆုံးတာမျိုးတော့ မရှိဘူး။ ဒါပေမယ့် လူနေအိမ်တွေ ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ နီးကပ်နေတော့ ဆက်ပြိုလာမယ်ဆို အန္တရာယ် များနိုင်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မိုးတွင်းဖြစ်တာကြောင့် ကျောက်ကျင်းတွေကို တူးပြီးတာနဲ့ မြေပြန်ဖို့ပေးဖို့အတွက်လည်း ဒေသခံတွေ အနေနဲ့ မျှော်လင့်နေပြီး မဖို့ပေးနိုင်ကျင် ခုလိုမျိုး ကျောက်တွင်းပြိုကျမှုတွေ ဆက်တိုက်ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။
အဆိုပါကျောက်တွင်းနေရာကို အရေးပေါ် မြေဖို့တာတွေပြုလုပ်ထားပေမယ့် ဒေသခံတွေအနေနဲ့ ကျေးရွာ ဘေးပတ်လမ်းအတိုင်းဖို့ပေးဖို့အတွက် တောင်းဆိုနေပြီး အရင်ကလည်း ဖို့ပေးမယ်ဆိုတဲ့ အရပ်စာချုပ် ချုပ်ဆိုထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြိုကျခဲ့တဲ့ ကျောက်တွင်းတူးတဲ့နေရာဟာ အရင်က ဆန်ခါကျေးရွာရဲ့ ရွာရှောင်လမ်း ပတ်လမ်းအဖြစ် အသုံးပြုခဲ့တဲ့နေရာတစ်ခုလည်းဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
ဓာတ်ပုံ – ပေးပို့
#ဖားကန့် #ကျေးရွာဘေးကပ်နေတဲ့ #လုပ်ကွက် #ကျောက်တွင်းပြိုကျ #Ayeyarwaddy_Times