ဧရာဝတီတိုင်းမ်
ဇွန်လ ၁၅ ရက်
ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်၊ အသုတ်မြို့မှာ ဇွန်လ ၁၂ ရက်နေ့ညပိုင်းက နေအိမ်ခြံ၀န်းအတွင်းထားတဲ့ ဆိုင်ကယ် ၁၅ စီး ခိုးယူခံခဲ့ရတယ်လို့သိရပါတယ်။
ညစဥ် စစ်ကောင်စီတပ်နဲ့ ရဲတွေ အင်အားအများအပြားနဲ့ ကင်းလှည့်နေတဲ့ကြားက ဆိုင်ကယ်ခိုးယူသူတွေကကားနဲ့ တင်ပြီးခိုးယူသွားတာလို့ ဒေသခံတွေကပြောပါတယ်။
“ပုဒ်မ ၁၄၄လဲထုတ်ထားတယ်၊ ကင်းတွေ ဂိတ်တွေကို ကျော်ပြီး၀င်ခိုးတယ်ဆိုတော့ သူတို့ပေါင်းပြီး လုပ်ကြတာလို့တောင်ထင်ရတယ်”လို့ ဒေသခံအမျိုးသားတစ်ဦးကဧရာ၀တီတိုင်းမ်ကိုပြောပါတယ်။
အသုတ်မြို့ ရပ်ကွက်တိုင်းလိုလိုက ဆိုင်ကယ်များခိုးယူခံရကာ ပျောက်ဆုံးသွားတာဖြစ်ပြီး ပျောက်ဆုံးသွားတဲ့ ဆိုင်ကယ်များအနက် ၃ စီးကိုတော့ သစစ်၀င်ကုန်းကျေးရွာနားမှာပြန်လည်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ပုသိမ်ခရိုင်အတွင်းကမြို့နယ်တွေမှာ ဇွန်လဆန်းပိုင်းကစတင်ပြီး ဆိုင်ကယ်ခိုးယူမှုတွေပိုများလာတာလို့ ဒေသခံတွေဆီကသိရပါတယ်။
စစ်ကောင်စီဝန်ကြီးရုံးစိုက်ရာ ပုသိမ်မြို့မှာ တစ်ပတ်အတွင်း ဆိုင်ကယ်အစီးရေ ၂၀ နီးပါး ခိုးယူခံခဲ့ရပြီးတရားခံဖမ်းဆီးရမိတာမျိုးမရှိသေးဘူးလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
ဧရာ၀တီတိုင်းမှာ စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့တွေအင်အားအများအပြားနဲ့ ကင်းလှည့်နေပေမယ့် တော်လှန်ရေးအင်အားစုတွေကသာအဓိကထားပြီး ဖမ်းဆီးနေတာကြောင့် ခိုဆိုးလုနိူက်တွေနေ့စဥ်ဖြစ်ပွားနေပြီး၊လောင်းကစား၊ လုယက်မှု၊ မူးယစ်ဆေးဝါးရောင်းချမှုနဲ့ ငွေတုရောင်းချခြင်းလုပ်ငန်းတွေကို ဖော်ထုတ်ဖမ်းဆီးမှုလျော့နည်းလာတာလို့ မြို့ခံတွေကပြောပါတယ်။
#အသုတ် #စစ်ကောင်စီတပ်နဲ့ရဲ #ကင်းလှည့်နေသည့်ကြားမှ #ဆိုင်ကယ်၁၅စီးခိုးယူခံရ
#Ayeyarwaddy_Times