ဧရာဝတီတိုင်းမ်
ဇွန်လ ၁၅ ရက်

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီ တပ်သားတွေက လိုက်လံပြီး ကျောင်းမတက်တဲ့အကြောင်းအရင်းကို မေးမြန်းတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျောင်းမတက်နိုင်တဲ့ ကလေးတွေရဲ့ နေအိမ်တွေကို လိုက်လံမေးမြန်းချိန်မှာ စစ်ကောင်စီလက်အောက်ခံ ကျောင်းဆရာမတွေနဲ့အတူ အုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲတွေလည်းပါဝင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ အဓိက ဘာအခက်အခဲရှိလို့ မတက်တာလဲ၊ ဘာကြောင့်လဲ ဆိုတာတော့ အခါခါမေးတယ်၊ ရွာတွေဘက်ပါ လိုက်မေးနေတာတွေ့တယ်၊ တခြားဘာတွေမေးလဲဆိုတာတော့ မသိရသေးဘူး”လို့ ဒေသခံမျက်မြင် တွေ့သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ လက်အောက်ခံဝန်ထမ်းတွေက ကျောင်းမတက်တဲ့ ကလေးငယ်တွေရဲ့ နေအိမ် တွေကို လိုက်လံပြီး ကျောင်းမတက်ရတဲ့ အကြောင်းအရင်း လိုက်လံမေးမြန်းတာတွေပြုလုပ်နေပေမယ့် ဘယ်လိုအရေးယူမယ်ဆိုတာတော့ ပြောမသွားဘူးလို့ ဆိုပါတယ်။

ခုလိုမျိုး လိုက်လံမေးမြန်းမှုတွေကို ရေကြည်မြို့နယ်နဲ့ မြို့နယ်အတွင်းက ငါးသိုင်းချောင်း၊ အသုတ်နဲ့ ကျေးရွာတွေထိပါ ကွင်းဆင်းတာတွေပြုလုပ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

စီးပွားရေးနဲ့ စားဝတ်နေရေးအခြေအနေတွေကြောင့် ကျောင်းမထားနိုင်တဲ့ မိဘတွေအနေနဲ့လည်း ခုလိုမျိုး စစ်ကောင်စီတပ်က နေအိမ်တွေကို လိုက်လံမေးမြန်းတဲ့အပေါ် အရေးယူဖမ်းဆီးခံရမှာ စိတ်ပူနေတယ်လို့ သိရပါတယ်။

ဓါတ်ပုံ – ပုံအဟောင်းအား ပြန်လည်အသုံးပြုထားပါသည်။

#ရေကြည် #စစ်ကောင်စီ #ကျောင်းနေအရွယ် #ကလေး #ကျောင်းမတက် #လိုက်မေးနေ #Ayeyarwaddy_Times