ဧရာဝတီတိုင်းမ်
(ကြာအင်းဆိပ်ကြီး)၊ ဇွန်လ ၁၅ ရက်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကွီလုံတိုင်စခန်းသို့ လက်နက်ခဲ့ယမ်းနှင့် ရိက္ခာပို့လာသည့် အင်အား ၅၀ ဝန်းကျင်ပါ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ဒုတပ်ရင်းမှူးအပါအဝင် ၃ ဦးသေဆုံးခဲ့ပြီး မသေဘဲ ကျန်သည့် စစ်ကြောင်းတစ်ခုလုံး ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးသွားကြောင်း အထူး စစ်ဆင်ရေးတပ်ဖွဲ့ S.O.F ထံက သိရသည်။

KNLA၊ S.O.F ပူးပေါင်းတပ်ဖွဲ့ သည့် အဆိုပါစစ်ကောင်စီတပ်အား ဇွန်လ ၃ ရက်နေ့က ကွီလုံတိုင်စခန်းအနီးရှိ တပ်ရင်း ၁၇ စစ်ကောင်စီ ထိန်းချုပ်နယ်မြေတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်မှ စစ်ကြောင်းမှူး(ဒုတပ်ရင်းမှူး) ဖြစ်သူကို စနိုက်ပါဖြင့် ဦးစွာပစ်သတ်ခဲ့ပြီး ထိတွေ့တိုက်ပွဲအတွင်း ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ပြီး ၁၃ ဦးထိခိုက်ဒဏ်ရာရရှိကာ စစ်ကြောင်း တစ်ကြောင်းလုံး ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးခဲ့ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်တာက ထိုင်းနဲ့မြန်မာနယ်စပ် ဒေါနတောင်တန်းပေါ်မှာဖြစ်တာပေါ့၊ သူတို့ ကခုမှ မဟုတ်ဘူး။ အရင်တည်းကနေ တော်လှန်ရေးအင်အားစုတွေက ပိတ်ဆို့တာတို့၊ တိုက်ပွဲဖြစ်တာတို့ဆို နယ်စပ်ကချောင်းကိုဖြတ်ပြီး ထိုင်းကိုရောက်သွားပြီ။ အဲ့ဒီဘက်ကို ရောက်ရင်လည်း မြေပုံတွေလဲရှိတယ်။ ထိုင်းဘက်က ထိုင်းစစ်တပ်၊ အာဏာပိုင်တွေနဲ့ လည်း အချိတ်အဆက်ရှိပုံရတယ်လို့ ယူဆတယ်။ အဲ့ကနေ နယ်စပ်တစ်လျှောက်သူတို့ သွားချင်တဲ့ဆီသွားကြတယ်” ဟု SOFတပ်ဖွဲ့ တာဝန်ရှိသူ ကိုအောင်စံရှားက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါစစ်ကြောင်းမှာ တိုက်ပွဲအတွင်း ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်သား ၁၃ ဦးနှင့် သေဆုံးခဲ့သည့်တပ်ဖွဲ့ဝင်အလောင်းများပါ ယူဆောင်၍ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက် ပြေးခဲ့ ခြင်းဖြစ်ကြောင်းလည်း သိရသည်။

“ထိုင်းဘက်ကိုထွက်ပြေးတာမှာ သူတို့ရဲ့သေဆုံး ရုပ်အလောင်းတွေပါပြန်ဆွဲသွားတယ်။ ရှေ့ဆက်ယူသွားလား မယူသွားလားတော့မသိဘူး။ ဒဏ်ရာရတဲ့သူတွေကိုတော့ ထိုင်းဘက်ကဆေးရုံမှာ ဆေးကုမယ်လို့ ယူဆတယ်။ ပြီးမှ ထိုင်းဘက်က အာဏာပိုင် ကအကူအညီနဲ့ မြန်မာပြန်လာမယ်လို့ ယူဆရတယ်” ဟု ကိုအောင်စံရှားက ဆက်လက်ပြောကြားသည်။

စစ်ကောင်စီတပ်သည် ယခင်ကတည်းက တိုက်ပွဲအတွင်း ဒဏ်ရာရစစ်ကောင်စီတပ် သားများကို လေကြောင်း၊ ကြည်းကြောင်းများဖြင့် မသယ်နိုင်တော့သည့်အခါများတွင် နယ်စပ်ဂိတ်များမှတစ်ဆင့် ထိုင်းနိုင်ငံဘက်ခြမ်းရှိ ဆေးရုံ၊ ဆေးခန်းများသို့ ပို့ဆောင်ကု သလေ့ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။

ပြီးခဲ့သည့် မတ်လ တတိယပတ်အတွင်းကလည်း ကွီလုံတိုင်စခန်းသို့ ရိက္ခာပို့လာသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဒုတပ်ရင်းမှူးအပါအဝင် တပ်သား ၁၀ ဦးခန့်သေဆုံးခဲ့ကြောင်းလည်း S.O.F တပ်ဖွဲ့ထံက သိရသည်။

ဓာတ်ပုံ – အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F
#ကြာအင်းဆိပ်ကြီး #ကွီလုံတိုင်စခန်း #စစ်ကြောင်း #ဒုတပ်ရင်းမှူး #ထိုင်းနိုင်ငံ #ထွက်ပြေး #KNLA #SOF #Ayeyarwaddy_Times