ဧရာ၀တီတိုင်းမ်
ဇွန်လ ၁၄ ရက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းကို ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်များ ၀င်ရောက်တိုက်ခိုက် သိမ်းပိုက်စဉ် တပ်ကူရန်လာသည့် ခြေလျင် စစ်ကောင်စီ တပ်သားများကို လေယာဉ်ပစ်ကူရာတွင် လေကြောင်းမှ မှားယွင်းပစ်ခတ်၍ ထိခိုက် သေဆုံးမှုများရှိကြောင်း တပ်တွင်း သတင်းရင်းမြစ်ထံက သိရသည်။

ဒေသပြည်သူ့ကာကွယ်ရေးတပ်များသည် ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့ ညနေ ၃ နာရီ ခန့်က ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ညောင်ပင်ကြီးရဲ စခန်းကို ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး ညပိုင်းအချိန်တွင် မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုထံက သိရသည်။

ထိုသို့ ညောင်ပင်ကြီးရဲစခန်း စီးနင်းတိုက်ခိုက်ခံရသဖြင့် အထိနာခဲ့သည့် စစ်ကောင်စီ တပ်သည် မုံရွာဘက်မှ စက်လှေများဖြင့် ချင်းတွင်းမြစ်တစ်ဖက်ကမ်းကို အင်အား ဖြည့်တင်း၍ ကျောက်မျက်ရွာဘက်မှ ခြေလျင်တပ်ကူများအပြင် မုံရွာမြို့ပေါ်မှ လက်နက်ကြီးပစ်ကူ၊ Mi-35 လေယာဉ်ပစ်ကူများဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်-နမခမှ Mi-35 ရဟတ်ယာဉ်ဖြင့် လေကြောင်းပစ်ကူရာတွင် ကျောက်မျက်ရွာမှ ခြေလျင်တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို PDF ရဲဘော်များနှင့် မှားယွင်း ပစ်ခတ်ခဲ့၍ စစ်ကောင်စီတပ်သား ၁၀ ဦးကျော်သေဆုံးပြီး ၂၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ရုံးချုပ်နှင့် နီးစပ်သည့် တပ်တွင်း သတင်းရင်းမြစ်ထံက သိရသည်။

“ညောင်ပင်ကြီးရဲစခန်း ၀င်အစီးခံရချိန်မှာ အနီးဆုံး စစ်ကူက ကျောက်မျက်တောင်က တပ်ပါ။ သူတို့ ခြေလျင်စစ်ကူလာချိန်မှာ လေယာဉ်တက်လာပြီးတော့ ပစ်ချတာ။ လူမှားပြီးပစ်မိတာပေါ့။ ၁၀ ယောက်ကျော်သေတယ်။ ဒဏ်ရာရတာနဲ့ဆိုရင် ၂၀ ကျော်တယ်။ ညဘက် ၈ နာရီလောက်မှ အလောင်း တွေကောက်ပြီး ကျောက်မျက်ရွာ ဆိပ်ကနေ သယ်ရတယ်”ဟု အမည်မဖော်လိုသည့် စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ညောင်ပင်ကြီးရဲစခန်း စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ လေကြောင်း ပစ်ကူကြောင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် လေးဦး ဒဏ်ရာရကာ တစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။

“လေယာဉ်တွေရော တပ်ကူခေါ်တာ။ လေယာဉ်နဲ့ပစ်ခံ ရလို့ ပြန်အဆုတ်မှာ ရဲဘော်တစ်ဦးကျတယ်။ လေးဦးဒဏ်ရာရခဲ့တယ်”ဟု Buffalo People Defence Force- BPDF တပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်သည် ညောင်ပင်ကြီးရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ညောင်ပင်ကြီး ကျေးရွာအုပ်စု အပါအဝင် ဆားလင်းကြီး မြို့နယ်အတွင်းရှိ ကျေးရွာများကို ငါးရက်ဆက်တိုက် လိုက်လံ မီးရှို့ဖျက်ဆီးနေသောကြောင့် ဒေသခံပြည်သူ ၃၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့ထံက သိရသည်။

ပုံစာ- ညောင်ပင်ကြီးရဲစခန်းကို တိုက်ခိုက်ရာတွင်ပါ၀င်ခဲ့သည့် ရဲဘော်များ၊ ဇွန် ၁၁ ရက်နေ့က ညောင်ပင်ကြီး သုံးဆူကျောင်းတစ်ဝိုက် စစ်ကောင်စီမှ မီးပတ်ရှို့‌မှုမြင်ကွင်း
#စစ်ကိုင်းတိုင်း #ဆားလင်းကြီးမြို့ #ညောင်ပင်ကြီးရဲစခန်း #စစ်ကောင်စီတပ် #Mi35 #ကျောက်မျက်ရွာ #တပ်ကူများ #မှားယွင်းပစ်ခတ်ခံရ #Ayeyarwaddy_Times