ဧရာဝတီတိုင်းမ်
ဇွန်လ ၁၄ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့မှာ၊ ဇွန်လ ၁၃ ရက်နေ့က မြို့ပေါ်မှာသွားလာနေတဲ့ သူတွေထံကနေ ဆိုင်ကယ်လုယက်မှုကျူးလွန်သူတွေလို့ သံသဃရှိသူတွေကို ဖမ်းဆီးရမိထားတယ်လို့ ရဲတပ်ဖွဲနဲ့နီးစပ်သူတွေထံကနေသိရပါတယ်။

ဖမ်းဆီးရမိတဲ့အဖွဲ့မှာ အမျိုးသမီး ၄ ဦး အမျိုးသားတစ်ဦး ပါ၀င်တာဖြစ်ပြီး မြို့ပေါ်မှာ လုယက်ခဲ့တဲ့ ဆိုင်ကယ် ၁၀ စီးကို သက်သေခံအဖြစ် သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

“ပုသိမ်မှာ ဆိုင်ကယ်တွေကို ဓါးထောက်လုတာသူတို့တစ်ဖွဲ့ထဲတော့မဟုတ်ဘူး။ ဆက်ပြီး စုံစမ်းစစ်ဆေးနေတုန်းပဲ “လို့ မြို့နယ်ရဲတပ်ဖွဲ့နီးစပ်သူတစ်ဦးကဧရာ၀တီတိုင်းမ်ကို ပြောပါတယ်။

ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးပိုင်းကစတင်ပြီး လမ်းသွားလမ်းလာတွေကို ဆိုင်ကယ်စီးပြီးလိုက်လံလုယက်မှုတွေနဲ့ နေအိမ်တွေကို ၀င်ရောက်ခိုးယူမှုတွေပိုမိုဖြစ်ပွားပြီး တစ်ကြိမ်မှ ဖမ်းဆီးရမိတာမျိုးမရှိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

“တစ်ချို့ လုတဲ့အပြင်လူကိုပါ ဓါးနဲ့ထိုးသွားသေးတယ်။ ညဘက်ဆိုအပြင်ထွက်ရမှာလန့်နေရတယ်” ပုသိမ်မြို့ခံတစ်ဦးကဧရာ၀တီတိုင်မ်းကိုပြောပါတယ်။

ပုသိမ်မြို့မှာ စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့တွေ အင်အား အများအပြားနဲ့ ကင်းလှည့်နေပေမယ့် တော်လှန်ရေးအင်အားစုတွေကသာအဓိကထားပြီး ဖမ်းဆီးနေတာကြောင့် ခိုဆိုးလုနိူက်တွေနေ့စဥ်ဖြစ်ပွားနေပြီး၊လောင်းကစား၊ လုယက်မှု၊မူးယစ်ဆေးဝါးရောင်းချမှုနဲ့ ငွေတုရောင်းချခြင်းလုပ်ငန်းတွေကို ဖော်ထုတ်ဖမ်းဆီးမှုလျော့နည်းလာတာလို့ မြို့ခံတွေကပြောပါတယ်။
#ပုသိမ် #အမျိုးသမီး #ဆိုင်ကယ်လု #သံသဃရှိသူတွေကို ဖမ်းမိထား #Ayeyarwaddy_Times