ဧရာဝတီတိုင်းမ်
ဇွန်လ ၁၄ ရက်

စစ်ကိိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်အတွင်းရှိ ပျူစောထီးများကို စစ်ကောင်စီတပ်နှင့် ရှမ်းနီပူးပေါင်းတပ်ဖွဲ့ဝင်များက စစ်ပညာသင်တန်းပေးနေကြောင်း သတင်းရရှိသည်။

အဆိုပါ ပျူစောထီးများကို ဇွန်လ ၄ ရက်နေ့တွင် လူစုပြီး ဇွန်လ ၆ ရက်နေ့မှ စတင်ကာ ပျူစောထီး ၃၀ ဝန်းကျင်ကို ယနေ့အချိန်ထိ စစ်ပညာသင်တန်းပေးနေခြင်းဖြစ်သည်။

ထို စစ်ပညာသင်တန်းတက်ရောက် နေသည့် ပျူစောထီးများသည် ကင်းတပ်ရွာ၊ နားပင်ရွာ၊ တိန်းသာရွာ၊ အော်ဇီးခုံ၊ စကားခုံ၊ ရွာတန်းရှည် စသည့် ကျေးရွာများမှ ဖြစ်ပြီး ၎င်း ကျေးရွာများသည် ပျူစောထီးအင်အားကောင်းသည့် ကျေးရွာများ​လည်း ဖြစ်ကြောင်း ဒေသခံများကပြောသည်။

“သိရသလောက်တော့ ကျွန်တော်တို့ မော်လိုက်မြို့နယ်မှာ စစ်ကောင်စီအင်အားနည်းနေပြီး ပျူတွေကို မြို့ပေါ်ရော ရွာတွေမှာပါ သင်တန်းပေးနေတာ။ ထင်သလောက် သူတို့လူမရှိတော့ဘူး၊အဓိကတော့ ပျူတွေမွေးပြီး ပြည်သူချင်း ပြန်တိုက်ခိုင်းဘို့ ဗျူဟာခင်းနေတဲ့ သဘောပါပဲလို့ “မော်လိုက်မြို့နယ်မှ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့ပြင် တောင်အင်းအုပ်စု၊ တောင်အင်းကျေးရွာ ရှိ ဘုန်းကြီးကျောင်းတွင်လည်း စစ်ကောင်စီတပ်များတပ်စွဲထားပြီး ရွာသားများကို လူစုခွဲကာ စစ်ပညာသင်တန်းပေးနေကြောင်း ဒေသခံများကပြောသည်။

မော်လိုက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ရင်းများမှာ မော်လိုက်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ( ၁၀ )လက်အောက်ခံများဖြစ်သည့် ခမရ ခြေမြန်တပ်ရင်း ၃၆၄၊ ၃၆၅၊ ၃၆၆ တို့ ဖြစ်ကြောင်းသိရသည်။

#မော်လိုက် #ပျူစောထီး #စစ်ကောင်စီ #ရှမ်းနီ #စစ်သင်တန်းပေး #Ayeyarwaddy_Times