နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန်လ ၁၄ ရက်
အာဏာသိမ်း စစ်ကောင်စီတပ်တွင် စစ်သည်အင်အားလျော့နည်းလာပြီး တပ်သားသစ် စုဆောင်းမရဖြစ်နေချိန်တွင် စစ်ကောင်စီတပ်၏ တက္ကသိုလ် သုံးခုအတွက် ဗိုလ်လောင်းများ ခေါ်ယူရာတွင် သတ်မှတ်ချက်ထက် ဖြေလျော့၍ ခေါ်ယူနေသည်ကို စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများ၏ ဖော်ပြချက်အရ သိရသည်။
ယခုနှစ် တက္ကသိုလ်ဝင်တန်း (၁၀တန်း) အောင်မြင်သူများကို စစ်ကောင်စီ၏ စစ်(စစ်ကောင်စီတပ်) တက္က သိုလ်၊ တပ်မတော်(စစ်ကောင်စီတပ်)နည်းပညာတက္ကသိုလ်၊ တပ်မတော် (စစ်ကောင်စီတပ်)ဆေးတက္ကသိုလ် အမျိုးသား/အမျိုးသမီး တို့အတွက် ဗိုလ်လောင်းများ ခေါ်ယူနေခြင်းဖြစ်ပြီး တက်ရောက် လိုသူများအနေဖြင့် လျှောက်လွှာ များကို နီးစပ်ရာ တိုင်းစစ်ဌာနချုပ်များတွင် ဇွန်လ ၁၂ ရက်မှစ၍ အခမဲ့ရယူနိုင်သည်ဟု ဖော်ပြထားသည်။
“အာဏာသိမ်းမှု ဖြစ်ပြီးတဲ့နောက်မှာ DSA တက်ရောက်သူတွေ သိသိသာသာကြီးကို လျော့နည်းသွားတယ်။ စစ်တက္ကသိုလ်မှာ ချမှတ်ကျင့်သုံးခဲ့တဲ့ စည်းမျဉ်းစည်းကမ်းတွေ ဖြေလျော့ပေးရတာတွေတောင် ရှိလာတယ်။ လူဘယ်လောက် လိုအပ်နေလဲ ဆိုတာ သာကြည့်” ဟု နေပြည်တော်စစ်ဌာနချုပ်ရှိ တပ်တွင်းသတင်းရင်းမြစ် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ၏ ယခုနှစ် ဗိုလ်လောင်းခေါ်ယူမှု စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက် တစ်ခုဖြစ်သည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင် အသက် ၁၆ နှစ်အောက် မငယ်ရ၊ ၁၉ နှစ်နှင့် ၆ လထက် မကြီးရဆိုသည့် အချက်သည် ဗိုလ်လောင်းတက်ရောက်သူ နည်းပါး လာသောကြောင့် အသက်သတ်မှတ်ချက်ကို ယခင်နှစ်များထက်ပိုမို၍ ဖြေလျော့ ပေးထားခြင်းပင်ဖြစ်သည်။
“တပ်တွင်း(စစ်ကောင်စီတပ်)မှာက အထက်အောက် အမိန့်နာခံမှုတွေလည်း လျော့နည်း လာတယ်။ ယာယီဆွဲခန့်တွေလည်း များလာတော့ ပျက်စီးနေတဲ့ သဘောပဲ ။ စနစ်က ပျက်စီးရင် အဖွဲ့အစည်းပျက်ယွင်းတာပါပဲ။ ခုက ပျက်သုဉ်းလုနီးပါး ဖြစ်နေပြီ။ စစ်တက္က သိုလ်တက်ရောက်မယ့် ဗိုလ်တွေလည်း သိပ်မရှိဘူး။ လမ်းဘေးက ဆွဲလာတဲ့ သူတွေလည်း အဆင်မပြေနဲ့။ တပ်သားသစ်တွေကို ရသလိုကျုံးသွင်းနေရတဲ့ အခြေအနေပါ” ဟု တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက်ပိုင်း ခုခံတော်လှန်မှုကြောင့် တပ်အင်အား ဖြုန်းတီးလာမှုကို ဖာထေးရန်အတွက် တပ်သားသစ် စုဆောင်းရာတွင် အကြီးမားဆုံး ပြဿနာဖြင့် ကြုံတွေ့နေရပြီး လက်ရှိတွင် စစ်သည်များ၏ မိသားစုဝင်များကိုပါ ဖိအားပေး စည်းရုံးလာသည့်အပြင် လူငယ်များကိုလည်း အကြောင်းမဲ့ဖမ်းဆီးကာ စစ်ကောင်စီတပ်တွင်းဆွဲသွင်းမှုများ ရှိနေကြောင်း CDM ဗိုလ်ကြီး ဇင်ယော်ထံက သိရသည်။
“အခုကတော့ ဘယ်လိုလဲဆိုတော့ ဝင်ဖြေရင် ဖြေတဲ့သူတိုင်းကို သူတို့(စစ်ကောင်စီ) အအောင်ပေးမှာပေါ့။ ဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ် ဆယ်တန်းအောင်ရင်ပြီးရော၊ လူဖြစ်ရင် ပြီးရောပေါ့နော်။ အဲလိုမျိုးဆိုတော့ သတ်မှတ် ချက်တွေသာ ချထားတာ အကုန်အအောင် ပေးလောက်မယ့် သဘောရှိတယ်။ သူတို့က အင်အားကို အရေးတကြီး လိုနေတာကိုး” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်သည်အင်အား အပူတပြင်းလိုအပ်နေသည့် စစ်ကောင်စီ၏ လူသစ်မရရှိရေးကိုပါ ထိန်းချုပ်ဖြတ်တောက် ထားနိုင်မည်ဆိုပါက နွေဦးတော်လှန်ရေးသည် ပိုမိုတောက်ပ လာလိမ့်မည်ဖြစ်သည်။ ယင်းအချက်သည် အလွန်အရေးကြီးပြနီး ပြည်သူကိုတုံ့ပြန် တိုက်ခိုက်နေသည့် စစ်ကောင်စီတပ်တွင်းသို့ ဝင်ရောက်ခြင်းသည် အဆိပ်ပင်ရေလောင်း ခြင်းပင်ဖြစ်သည်ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။
ဓာတ်ပုံ – စစ်ကောင်စီတပ်၏ တပ်မတော်နည်းပညာတက္ကသိုလ် (DSTA)
#စစ်ကောင်စီတပ် #စစ်သည်လျော့နည်း #ဗိုလ်လောင်း #သတ်မှတ်ချက် #ဖြေလျော့ #Ayeyarwaddy_Times