နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန်လ ၁၄ ရက်
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်မှ ကချင်လွတ်လပ်ရေးတပ်မတော် – KIO/KIA ရဲဘော် နှစ်ဦး လက်နက်ခဲယမ်းနှင့်တကွ ပြန်လည်ဝင်ရောက်လာကြောင်း အာဏာသိမ်း စစ်ကောင်စီက ၎င်းတို့၏ ဝါဒဖြန့် သတင်းစာမှတဆင့် ဖော်ပြခဲ့သည်။
အဆိုပါရဲဘော် နှစ် ဦးကို ပြန်လည်လက်ခံ၍ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း ပေးအပ်ခြင်းအား မြစ်ကြီးနားမြို့၊ စစ်ကောင်စီ နယ်မြေခံတပ်ရင်းခန်းမတွင် ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်က ပြုလုပ်ခဲ့ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မြစ်ကြီးနား တပ်နယ်နှင့် ခရိုင်/ မြို့နယ်မှ စစ်ကောင်စီတာဝန်သူများလည်း တက်ရောက်ခဲ့ ကြောင်း စစ်ကောင်စီက ဆိုထားသည်။
အဆိုပါအကြောင်းအရာနှင့် ပတ်သက်၍ ကချင်လွတ်လပ်ရေးတပ်မတော် – KIO/KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “ဘယ်ကလက်နက်ခဲယမ်းတွေ ရထားမှန်းမသိတဲ့ဟာနဲ့ ဓာတ်ပုံရိုက်ပြီး တင်လိုက်တာမျိုး ဖြစ်နိုင်တယ်။ ဝါဒဖြန့်ဖို့ (lobby) လုပ်တာလည်း ဖြစ်နိုင်တယ်။ လောလောဆယ်မှာတော့ လက်နက်နဲ့ အလင်းဝင် တယ်ဆိုတာ ကျွန်တော်တို့ဝန်ထမ်းမှာ၊ ကျွန်တော်တို့အဖွဲ့အစည်းမှာ မရှိပါဘူး။ အဲဒါကြောင့် ကျွန်တော်ကတော့ အဲဒီသတင်းသည် မှန်ကန်မှုမရှိဘူးလို့ ငြင်းလိုပါတယ်” ဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုသို့ ပြန်လည်ဝင်ရောက်လာသူ နှစ် ဦးသည် ၎င်းတို့နှင့်အတူ ပါလာသော K-25 သေနတ် နှစ်လက်၊ ကျည်အိမ် နှစ်ခု၊ ကျည် ၅၀ တောင့်နှင့် လက်ပစ်ဗုံး နှစ် လုံးအား အပ်နှံခဲ့သဖြင့် စစ်ကောင်စီက သေနတ်တစ်လက်လျှင် ငွေကျပ်သိန်း ၅၀ နှုန်းဖြင့် ငွေကျပ် သိန်း ၁၀၀ ကို ဆုကြေးငွေအဖြစ် ပြန်လည်ပေးအပ်ခဲ့ကြောင်း ဖော်ပြထားသည်။
ထို့ပြင် စစ်ကောင်စီက လက်ပစ်ဗုံး နှစ် လုံးအတွက် ဆုကြေးငွေ ခြောက်သိန်း၊ စုစုပေါင်း ငွေကျပ် ၁၀၆ သိန်းကို ပြန်လည်ပေးအပ်ခဲ့ပြီး ဝန်ခံကတိ လက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်သည်ဟုလည်း စစ်ကောင်စီ၏ သတင်းစာတွင် ဖော်ပြထားသည်။
စစ်ကောင်စီက လက်နက်ကိုင်အဖွဲ့အသီးသီးတွင် ရှိနေသူများ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်ရန် မေလ ၉ ရက်က ဖိတ်ခေါ်မှု ပြုလုပ်ခဲ့ပြီး ပစ္စတို၊ သေနတ်၊ လက်လုပ်စိန်ပြောင်း၊ လက်လုပ်မိုင်း၊ လက်ပစ်ဗုံး၊ ဗုံးခွဲရေးသုံးဒရုန်း စသည့်ပစ္စည်း အမျိုးအစားပေါ် မူတည်၍ ဆုကြေးငွေ ပေးမည်ဟုလည်း ကြေညာခဲ့သည်။
ထိုသို့ကြေညာပြီးနောက် စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇွန်လဆန်းပိုင်းမှစ၍ PDF များ အလင်းဝင်လာသည်ဟုဆိုကာ ၎င်းတို့ဝါဒဖြန့် သတင်းစာမှတဆင့် ဖော်ပြလျှက်ရှိသည်။ စစ်ကောင်စီက ထိုသို့ဖော်ပြနေသော်လည်း ထိုသူများသည် စစ်ကောင်စီနှင့် ညှိနှိုင်းထားသူများသာဖြစ်ပြီး မြေပြင်တွင် လှုပ်ရှားနေသူများ မဟုတ် ကြောင်း သက်ဆိုင်ရာဒေသ ကာကွယ်ရေးတပ်ဖွဲ့ အသီးသီးက ဆိုထားသည်။
ဓာတ်ပုံ – စစ်ကောင်စီ
ပုံစာ- ဇွန်လ ၁၂ ရက်နေ့က မြစ်ကြီးနားမြို့ စစ်ကောင်စီနယ်မြေခံတပ်ရင်းခန်းမတွင်ပြုလုပ်သည့် KIA ရဲဘော်နှစ်ဦးအားပြန်လည်အပ်နှံပွဲ
#စစ်ကောင်စီ # KIAရဲဘော်၂ဦး #လက်နက်ခဲယမ်း #ပြန်လည်ဝင်ရောက် #မဟုတ်မှန် #Ayeyarwaddy_Times