ဧရာဝတီတိုင်းမ်
(မော်လမြိုင်)၊ ဇွန်လ ၁၄ ရက်

မွန်ပြည်နယ် ၊ မော်လမြိုင်သံလွင်မြစ်ကူးတံတားပါ်တွင် ယမန်နေ့ ဇွန်လ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်က သင်တန်းဆင် းစစ်ကောင်စီတပ်သားများကို တင်ဆောင်လာသည့် စစ်ကောင်စီတပ်ကားတစ်စီးသည် လမ်းကျော်တက်ရာမှ ဆိုင်ကယ် နှစ်စီးကို တိုက်မိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

မုတ္တမမြို့ဘက်မှ မောင်းနှင်လာသည့် စစ်ကောင်စီတပ် သင်တန်းဆင်းတပ်သားများ လိုက်ပါလာသည့် စစ်ကောင်စီကားတစ်စီးသည် ၎င်းရှေ့တွင်ရှိသည့် ခြောက်ဘီးကားကို အရှိန်ဖြင့်ကျော်တက်ရာ မော်လမြိုင်ဘက်မှ မောင်းနှင်လာသည့် ဆိုင်ကယ် ၂ စီးအားဝင်ရောက်တိုက်မိပြီး ဆိုင်ကယ်မောင်းသူ တစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။

“ဆိုင်ကယ်လမ်းကြောင်းကို ကားကဖြတ်ဝင်တိုက်တာ။ အတိုက်ခံရတဲ့ကောင်လေးက ကားနဲ့ဘေးက တံတားဖရိန်နဲ့ ကြားထဲ ညှပ်ချေလိုက်သလိုဖြစ်သွားတယ်။ ခါးရိုးတွေ ကျိုးကုန်ပြီး တံတားပေါ်ကနေပါ ပြုတ်ကျသွားတယ်။ သေတာကတော့ ပြုတ်မကျခင် ကတည်းကရတဲ့ ဒဏ်ရာနဲ့သေသွားပြီ။ သူ့နောက်က ဆိုင်ကယ်နောက် တစ်စီးကလူ နှစ်ယောက်ကတော့ ဒဏ်ရာရသွားတယ်။ စစ်ကားကတော့မှောက်သွားပြီး ဒဏ်ရာရတဲ့ သူမရှိဘူးလို့သိရတယ်” ဟု မုတ္တမမြို့နေ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သေဆုံးသူမှာ မုတ္တမြို့တွင်နေထိုင်သည် ကိုသိန်းသန်းဦး ဖြစ်ပြီး ကားတိုက်ခံရမှုကြောင့် ခါးရိုးများကျိုး‌ကြေကာ သေဆုံးခဲ့သည့်အပြင် တံတားချဥ်းကပ်လမ်းအောက်သို့ပါ ပြုတ်ကျခဲ့ ကြောင်း သိရသည်။

ဆိုင်ကယ်အားဝင်တိုက်ခဲ့သည့် စစ်ကားမှာ အရှိန်လွန်ကာ တိမ်းမှောက်ခဲ့ပြီး တစ်ဖက် ယာဉ်ကြောရှိတံတားလက်ရန်း‌ဘောင်များမှာလည်း ယာဉ်တိုက်မှု အရှိန်ကြောင့် ပျက်စီး မှုများဖြစ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ကား၏ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် မော်လမြိုင် သံလွင်မြစ်ကူးတံတားအား ၃ နာရီကျော်ကြာ ပိတ်ထားခဲ့ပြီး ယာဥ်တိုက်မှု‌ကြောင့် သေဆုံးခဲ့သူကို မုတ္တမဆေးရုံသို့ ပိုဆောင်ကာ နောက်ထပ် ဒဏ်ရာရရှိသူ နှစ် ဦးကိုလည်း မော်လမြိုင်မြို့ အမှတ်(၅)စစ်မြေပြင်ဆေးတပ်ရင်း ကုတင် ၃၀၀ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်။
#မော်လမြိုင် #သံလွင်တံတား #စစ်ကောင်စီကား #ယာဉ်တိုက်မှု #၁ဦးသေဆုံး #Ayeyarwaddy_Times