နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန်လ ၁၃ ရက်
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရည်ရွယ်ဖွဲ့စည်းခဲ့သည့် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ -IEC အနေဖြင့် တိုက်ပွဲဝင်တပ်ဖွဲ့များနှင့် ချိတ်ဆက်ကာ စနစ်ကျသည့် လက်နက်တပ်ဆင်ပေးရေးကိစ္စ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အဆိုပါ ကြားကာလအုပ်ချုပ်ရေးကောင်စီထံက သိရသည်။
က
ရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီကို စုပေါင်းခေါင်းဆောင်မှုများဖြင့် ကြားကာလ ပြည်နယ်အစိုးရတစ်ရပ်၏ အုပ်ချုပ်ရေးကို ဖော်ဆောင်သွားရန်၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး ၊ တရားစီရင်ရေး ကဏ္ဍများ အပြန်အလှန် ထိန်းညှိ၍ ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေးကို ကြိုးပမ်းဖော်ဆောင်သွားရန်၊ ပြည်နယ်အတွင်းရှိ အင်အားစုအသီးသီးနှင့် လက်တွေ့ကျစွာ ပူးပေါင်းပါဝင် ဆောင်ရွက်သွားရန် စသည့် အချက်များပါဝင်သည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ပြည်နယ်အစိုးရ ရပ်တည်ပြီး နောက်ပိုင်းမှာ ဒီထက်ပိုပြီး စုစည်း နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ ဒီတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်တဲ့ တပ်ဖွဲ့တွေ အားလုံးနီးပါးကို ချိတ်ဆက်ပြီး ကျွန်တော်တို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခြင်းမရှိတဲ့ အဖွဲ့တွေပေါ်မှာတော့ လက်နက် တပ်ဆင်ပေး နိုင်ဖို့အတွက်ကတော့ သေချာပေါက် အခက်အခဲရှိပါလိမ့်မယ်” ဟု IEC ဒုတိယဥက္ကဋ္ဌ ခွန်ဘီထူးက ပြောသည်။
အဆိုပါ ကြားကာလအုပ်ချုပ်ရေးကောင်စီကို အဖွဲ့ဝင် ခြောက် ဦးဖြင့် ဇွန်လ ၆ ရက်တွင် ကနဦးဖွဲ့စည်းခဲ့ပြီး ပြည်နယ်ရေးရာဌာန အနည်းဆုံး ၁၂ ခု ထားရှိသွားရန် ရည်မှန်း ထားသည်ပြီး ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီမှ ချမှတ်ထားသည့် မူဝါဒလမ်းညွှန် ချက်များအတိုင်း ပြည်နယ်၏ အခွန်ဘဏ္ဏာငွေများကို စနစ်တကျစီမံခန့်ခွဲ၍ ဝန်ထမ်းနှင့် ပြည်သူလူထုများ၏ အကျိုးကို ဆောင်ရွက်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ ပြည်နယ်အတွင်းမှာ တိုက်ပွဲဝင်နေတဲ့ ဒေသခံတပ်ဖွဲ့တွေ အခြားသော ဒေသကနေပြီးမှ ဒီပြည်နယ်အတွင်းမှာ တပ်စွဲနေတဲ့ အဖွဲ့တွေအားလုံးနဲ့ ညှိနှိုင်းပြီးမှ ပိုကောင်းတဲ့စစ်ဆေးရေး၊ ပြည်သူတွေကို ခုခံ ကာကွယ်ပေးနိုင်ဖို့ အစီအစဉ်တွေကို လုပ်ဆောင်ရမယ့် တာဝန်ရှိပါတယ်။ အဲဒီအတွက်ကြောင့်မို့ အခုလက်နက်တပ်ဆင် နိုင်တဲ့ကိစ္စတွေသော်လည်းကောင်း၊ ကျည်ဆံ ဖြည့်တင်းနိုင်တဲ့ ကိစ္စတွေသော် လည်းကောင်း၊ အထူးသဖြင့် တပ်ဖွဲ့ကရဲဘော်တွေရဲ့ စစ်ရေးအသုံးစရိတ်တွေနဲ့ ပတ်သက် ပြီးမှသော်လည်းကောင်း ကျွန်တော်တို့ နောက်ပိုင်းမှာ ရတဲ့ရံပုံငွေတွေ၊ ရတဲ့ အခွန်ငွေတွေကို ဒီထက်ပိုပွင့်လင်းအောင် လုပ်ဆောင်သွားဖို့ ရှိပါတယ်” ဟု ဒုတိယဥက္ကဋ္ဌ ခွန်ဘီထူးက ဆိုသည်။
ထို့ပြင် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ -IEC တွင် CDM ဝန်ထမ်းကောင်းများ၊ တတ်သိပညာရှင်များ လက်တွဲဆောင်ရွက်ရန် ဖိတ်ခေါ်ထားပြီး လက်ရှိဆောင်ရွက်နေသည့် ရဲဌာန၊ အကျဉ်းထောင်တို့ကိုလည်း စနစ်တကျစီမံခန့်ခွဲ၍ နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို ဆက်လက်အကောင်အထည် ဖော်ဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ပြည်နယ်အစိုးရရဲ့ ရှေ့လုပ်ငန်းစဉ်ထဲမှာက ဒီကာကွယ်ရေးအတွက်တင် မကပါဘူး။ ဒုတိယအရေးကြီးမှာက တရားဥပဒေ စိုးမိုးရေးဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်နယ်အတွင်းမှာ CDM လုပ်လာပြီးမှ အခုဆိုရင် ပြည်နယ်ရဲပေါ့နော်။ ရဲအင်အား ၃၀၀ နီးပါးနဲ့ ရဲစခန်း ၉ ခုလောက်ကို စနစ်တကျ ဖွဲ့စည်းပြီးမှ ရပ်တည်လာခဲ့တဲ့ ရဲနဲ့အတူ တရားဥပဒေ စိုးမိုးရေးကိစ္စတွေ ဆက်လက်ပြီးမှ ဆောင်ရွက်ဖို့ရှိပါတယ်” ဟု IEC ဒုတိယဥက္ကဋ္ဌ ခွန်ဘီ ထူးက ဆိုသည်။
ထို့အပြင် ပညာရေးအတွက် ကျောင်းပေါင်း ၃၀၀ ကျော်၊ ကလေးပေါင်း သုံးသောင်း (၃၀,၀၀၀)ကျော်၏ ပညာရေးများကို ယခင်နှစ်က လုပ်ဆောင်ပေးခဲ့ပြီး ယခုနှစ်တွင်လည်း ပိုမိုအားစိုက်နိုင်ရန်နှင့် ဆရာ/မများအား ပို မိုပံ့ပိုးနိုင်ရန်အတွက် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီအနေဖြင့် တာဝန်ရှိပြီး ယင်းလုပ်ငန်းစဉ် များကို စနစ်တကျ လုပ်ဆောင်သွားရန်ရှိသည်ဟု IEC တာဝန်ရှိသူများက ဇွန်လ ၁၂ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ဓာတ်ပုံ- ခွန်ဘီထူး ၊ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ
#ကရင်နီပြည် #ကြားကာလအုပ်ချုပ်ရေးကောင်စီ #တိုက်ပွဲဝင်တပ်ဖွဲ့များ #လက်နက်တပ်ဆင်ပေးရေး #ဆောင်ရွက် #Ayeyarwaddy_Times