ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ ဇွန်လ ၁၃ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် လွန်ခဲ့သည့် ၃ ရက်အတွင်းက စစ်ကောင် စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ အကြားတိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ဒေသခံ ထောင်ချီ၍ စစ်ဘေးရှောင်ခဲ့ရသည်။

စစ်ကောင်စီတပ်များသည် ယမန်နေ့ ဇွန်လ ၁၂ ရက် မွန်းလွဲပိုင်းမှ စတင်ကာ ပြန်လည် ထွက်ခွာသွားပြီဖြစ်၍ သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့မှ စစ်ဘေးရှောင်များ နေအိမ်သို့ပြန်လည်ပြောင်းရွှေ့နေပြီ ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“စစ်တပ်က ဒေသခံ ရွာသားအချို့ကို လူသားဒိုင်းလုပ်ပြီး တပ်ပြန်ဆုတ်နေပါပြီ။ အဲဒါကြောင့် ရွာ အချို့ကစစ်ဘေးရှောင်တွေ နေအိမ်သို့ ပြန်နေကြပါပြီ။ အချို့ရွာတွေက စစ်ဘေး ရှောင်တွေကတော့ စစ်ကောင်စီတပ်တွေ ရှိသေးလို့ မပြန်ရဲသေးပါဘူး” ဟု ကနက်သီရိ ရွာ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်လာ၍ သရက်ချောင်းမြို့နယ်အတွင်းရှိ ရငဲရွာ၊ကျောက်ခမောက်ရွာ၊ ကျွဲမင်းကုန်းရွာ၊ ကနက်သီရိရွာ၊ ကမြိုင်ရွာ၊ဝဲရစ်ရွာ နှင့် သိမ်ကုန်းရွာ အစ ရှိသည့် ရွာများမှာ စစ်ဘေးရှောင်ခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ စစ်ရှောင် ကျေးရွာများတွင် ကနက်သီရိရွာ၊ ပိန္နဲကုန်းရွာ နှင့် ကျွဲမင်းကုန်းရွာ ကျေးရွာ အနီးရှိ စစ်ဘေးရှောင်များမှာ နေအိမ်သို့ ပြန်ကြပြီဖြစ်သော်လည်း ကမြိုင်ရွာ နှင့် ရငဲရွာ မှ စစ်ဘေးရှောင်များ မှာ နေအိမ်သို့ ပြန်ရဲခြင်း မရှိသေးကြောင်း သိရသည်။

သရက်ချောင်း မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင် ရောက်လာသည့် စစ်ကောင်စီတပ် သည် ရငဲရွာ နှင့် ကနက်သီရိရွာရှိ နေအိမ် ၅ ဆောင်ခန့် ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရငဲရွာသားတစ်ဦးကိုလည်း အကြောင်းမဲ့ ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ပုံစာ-သရက်ချောင်း မြို့နယ်အတွင်းရှိ ရွာအချို့မှ စစ်ရှောင်များ နေအိမ်သို့ ပြန်ကြစဥ်
#တနင်္သာရီတိုင်း #သရက်ချောင်းမြို့နယ် #စစ်ကောင်စီတပ်များ #ပြန်လည်ထွက်ခွာ #စစ်ရှောင်အချို့ #နေရပ်ပြန် #Ayeyarwaddy_Times