ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဇွန်လ ၁၃ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာတွင် စခန်းရလုနီးနီးဖြစ်မှ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ထံက သိရသည်။

သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်စခန်းကို ပြီးခဲ့သည် ဇွန်လ ၁၁ ရက် နံနက် ၆ နာရီခန့်တွင် မဟာမိတ်ပူးပေါင်းတပ်နှင့် ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၁)က စခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ မဟာမိတ်ပူးပေါင်းအဖွဲ့က စခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့တာပါ။ အဲဒီစစ်ဆင်ရေးဟာ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲတာဖြစ်ပေမယ့် စခန်းရခါနီး အချိန်မှာ စစ်ကောင်စီတပ်ဘက်က အင်အားအများအပြားနဲ့ စစ်ကူရောက်လာပါတယ်။ လက်နက်ကြီး ပစ်ကူနဲ့ တရစပ်နဲ့ဖိအားပေးခံရလို့ ပြည်သူ့ကာကွယ်ရေး အင်အားစုတွေ ဖက်က လက်နက်အင်အားမမျှတတာကြောင့် ခွာစစ်ပြုခဲ့ရတယ်”ဟု ဒေါင်းမင်း စစ်ဆင်ရေး ပြန်ကြားရေး တာဝန်ခံက ဧရာဝတီတိုင်းမ် ကိုပြောသည်။

အဆိုပါ တိုက်ပွဲသည် ၂ နာရီဝန်းကျင်ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား အများအပြားသေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှ ရဲဘော်ခုနစ်ဦး (မစိုးရိမ်ရ) ဒဏ်ရာရ ရှိခဲ့ကြောင်း ဒေါင်းမင်း စစ်ဆင်ရေး ပြန်ကြားရေး တာဝန်ခံထံက သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် ဒေါင်းမင်းစစ်ဆင်ရေး၊ ထားဝယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ သရက်ချောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့၊ ထားဝယ်နဂါးတပ်ခွဲ(၂)၊ ထားဝယ် လူငယ်လက်ရုံးတပ်၊ ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ထားဝယ်နဂါး တပ်ခွဲ(၅)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင်တပ်ရင်း(၁)၊ တပ်ခွဲ(၁) တနင်္သာရီစစ်ကြောင်း၊ တပ်ရင်း(၂)၊ ဒရုန်းတပ်ဖွဲ့၊ ဥဩစစ်ကြောင်း၊ နွေဦးပျောက် ကြားတပ်ဖွဲ့၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦးနှင့် မဟာမိတ်တပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ

#တနင်္သာရီတိုင်း #သရက်ချောင်းမြို့နယ် #စော်ဖျားကျေးရွာ #စစ်ကောင်စီတပ်စခန်းဂိတ် #PDFပူးပေါင်းတပ်များ #ဝင်တိုက် #Ayeyarwaddy_Times