ဧရာဝတီတိုင်းမ်
(မြိုင်)၊ ဇွန်လ ၁၃ ရက်နေ့

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ယမန်နေ့ ဇွန်လ ၁၂ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်နှင့် မွန်းလွဲ ၂ နာရီဝန်းကျင်က စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် ယာဉ်များကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်ပူးပေါင်းတပ်ဖွဲ့များမှ နှစ် ကြိမ်တိုင် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မြိုင် စက်မှု-၂ ဘက်မှ ထွက်လာသည့် စစ်ကောင်စီကား နှစ်စီးကို မြိုင်မြို့တောင်ဘက် မကျည်းကန်ရွာအနီးတွင် တစ်ကြိမ်၊ မြိုင်မြို့ပေါ်မှ စက်မှု-၂ ဘက်သို့ရိက္ခာပို့ရန်ထွက် ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦးပါ ကားကို မွန်းလွဲပိုင်းတွင်တစ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးနှင့် အထက်သေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ရိက္ခာကားတစ်စီးက နေ့လယ်ပိုင်းမှာ စက်မှု-၂ ဘက်ကို ပြန်ထွက်လာပြီး ရှေ့ပြေး ကင်း‌တွေကနေ ၄၀-မမတွေနဲ့ အဆက်မပြတ်ပစ်ပြီး ထွက်လာတယ်။ ဝက်ကျုံးဆယ် အကျော်မှာ ကျွန်တော်တို့ဘက်က မီတာ၃၀ခန့်အကွာကနေ အနီးကပ် ကင်းပုန်းဝပ်ပြီး တိုက်ခိုက်ခဲ့တယ်။ စစ်ကောင်စီဘက်က ပစ်တဲ့လက်နက်ကြီးကျည်က ကလေးတစ်ဦး ခေါင်းကိုထိပြီး ခုထိဆေးကုသမှုခံနေရတယ်လို့သိရတယ်” ဟု မြိုင်(ပကဖ)တာဝန်ရှိသူ ဗိုလ်လက်ယာက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါရိက္ခာပို့သည့်ကား တိုက်ခိုက်ခံရစဉ်အတွင်း မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့၍ အသက် ၈ နှစ်ဝန်းကျင် ကလေးငယ် တစ်ဦး၏ ဦးခေါင်းကို ၆၀-မမ လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

မြိုင်မြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့ကလည်း စစ်ကောင်စီလက်အောက်ခံ စက်မှု ၂ စခန်းမှ ထွက်ခွာလာသည့် စစ်ကောင်စီကား မြိုင်(ပကဖ)နှင့် ပူးပေါင်းတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ရာ တပ်သား လေး ဦးဒဏ်ရာ အပြင်းအထန်ရခဲ့ကြောင်း အဆိုပါအဖွဲ့ထံက သိရသည်။

ဓာတ်ပုံ – စစ်ကောင်စီရိက္ခာတင်ကား(ပုံအဟောင်းကိုအသုံးပြုထားခြင်းဖြစ်သည်)။

#မကွေးတိုင်း #မြိုင် #စက်မှု၂ #စစ်ကောင်စီကား #မြိုင်ပကဖ #တိုက်ခိုက် #Ayeyarwaddy_Times