နွေဦးမောင် /ဧရာဝတီတိုင်းမ်
ပန်းတနော် ၊ ဇွန်လ၁၃ရက်

ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် ရွှေလှေသောင် ကျေးရွာတွင် လက်နက်ခဲယမ်းများနှင့် အတူ တော်လှန်ရေးတပ်ဖွဲ့ဝင် အချို့ကို စစ်ကောင်စီကဖမ်းဆီးသွားပြီး နောက် ဒေသခံများကိုပါ စစ်ကောင်စီက ဖမ်းဆီးပြီး နှိပ်စက်မှုများ ရှိနေကြောင်း ဒေသခံများထံက သိရသည်။

ဧရာဝတီတိုင်း မြောင်းမြခရိုင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံကို ရန်ကုန်မြို့တွင် ဖမ်းဆီးခံရပြီးနောက် ဇွန်လ (၇)ရက်နေ့က စတင်ကာ ပန်းတနော်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် သတင်းပေးများသည် တော်လှန်ရေးတပ်ဖွဲ့ဝင်ဟု စွပ်စွဲပြီး ဒေသခံပြည်သူများကို ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်လာခြင်းဖြစ်သည်။

“ ဖမ်းဆီးခံရတဲ့ပြည်သူ (၂၀) ဦး ကျော်ရှိသွားပြီး ပထမဦးဆုံး အဖမ်းခံရတာကရွှေလှေသောင်ကျေးရွာက ကိုဥာဏ်ဌေး အပါဝင် မိသားစုဝင် သုံးယောက်နဲ့ ကိုစိုးဝင်ကိုမမိလို့သူ့ဇနီးကို စစ်ကောင်စီတပ်တွေက ဖမ်းခေါ်သွားတယ်။ အဖမ်းခံရတဲ့သူတွေရဲ့အိမ်မှာ သေနတ်နဲ့ ကျည်တွေတွေ့သွားတယ်လို့တော့ ပြောနေကြတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပန်းတနော်မြို့နယ်အတွင်းရှိ ဒေါင့်ကြီး၊ ရွှေလှေသောင် ၊အညာစု၊ သပြုကုန်း ၊ မီးပြ၊ ဘောချောင်း နှင့် သံပုရာချောင်းကျေးရွာများကို စစ်ဆင်ရေးပုံစံပြုလုပ်ပြီး ဒေသခံများကို ဖမ်းဆီးနေခြင်းဖြစ်ပြီး မအူပင်မြို့နယ်အတွင်းရှိ တံခွန်တိုင်ကျေးရွာ သားများကို ဖမ်းဆီးစစ်ဆေးနေသည်ဟု ဒေသခံသတင်းရင်းမြစ်များက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါဖမ်းဆီးမှုများတွင် လုပ်သေနတ် နှစ်လက်နှင့် ပစ္စတိုသေနတ် တစ်လက်၊ ကျည် (၆၀)တောင့်နှင့် ဒရုန်းတွင် တပ်ဆင်ပြီးတိုက်ခိုက်နိုင်သည့် ဗုံးသီး ကိုးလုံး တို့ကို ရှာဖွေ့တွေ့ရှိခဲ့ကြောင်းသိရသည်။

ထို့ပြင် လေးမျက်နှာမြို့နယ်တွင်လည်း ခရီးသွားပြည်သူများနှင့် ဒေသခံများ၏ ဖုန်းများက်ိုလည်း ယူ၍
စစ်ဆေးမှုများ အဆက်မပြတ် ပြုလုပ်လျှက် ရှိနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

#ဧရာဝတီ #ပန်းတနော် #မြောင်းမြခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ #ရန်ကုန် #ဖမ်းဆီးစစ်ဆေး
#Ayeyarwaddy_Times