ဧရာဝတီတိုင်းမ်
ဇွန်လ ၁၃ ရက်
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်တွင် စစ်ကောင်စီတပ်က အဆက်မပြတ် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေသော်လည်း ယခုနှစ် မိုးရာသီတွင် ကန့်ဘလူနှင့် ကျွန်းလှ မြို့နယ်များ၌ မိုးရာသီ သီးနှံစုံ ဧက ခြောက်သိန်း (၆၀၀,၀၀၀)ကျော်စိုက်ပျိုးသွားမည်ဟု ယမန်နေ့ ဇွန်လ ၁၂ ရက်နေ့ထုတ် စစ်ကောင်စီ၏ ဝါဒဖြန့် မြန်မာ့အလင်းသတင်းစာ မျက်နှာဖုံးတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇွန်လ ၁၁ရက်နေ့တွင် အင်အား ၁၀၀ ကျော်ပါသည့် စစ်ကောင်စီ စစ်ကြောင်းသည် ချပ်သင်းတိုက်နယ်၊ ပေကုန်းရွာသို့ အကြမ်းဖက်ဝင်ရောက်ကာ နေအိမ် ၂၈ လုံး အပါအဝင် စပါးကျီတိုက် ၁၅ လုံးမီးရှို့ဖျက်ဆီးခဲ့ပြီး ဇွန်လ ၁၀ ရက်နေ့တွင် ကုန်းတိုက်နယ်၊ ဘိုတဲကုန်းကျေးရွာရှိ နေအိမ် ၂၀ ကျော်ကို မီးရှို့ပြာချခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရသည်။
“ဇွန်လ ၁၁ ရက်နေ့ မနက် ၈ နာရီခွဲလောက်မှာ ဇင်းအထိုင် ကထွက်လာတဲ့ စစ်ကောင်စီတပ် ခမရ – ၃၆၁ နဲ့ ပျူစောထီးစုပေါင်း အင်အား ၁၄၀ လောက်က အကြမ်းဖက်ဝင်ရောက်မီးရှို့ဖက်ဆီးခဲ့လို့ ပြည်သူပိုင်နေအိမ် ၂၈ လုံးနဲ့ စပါးတိုက် ၁၅ လုံးမီးလောင် ပျက်ဆီးဆုံးရှုံးခဲ့ရတယ်” ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ဝင် တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ် နှင့် ကန့်ဘလူဒေသခံတော်လှန်ရေး တပ်ဖွဲ့များကြား ပစ်ခတ်မှုမရှိသော်လည်း စစ်ကောင်စီစစ်ကြောင်းသည် ကျေးရွာများအတွင်းသို့ ဝင်ရောက်၍ နေအိမ်အဆောက်အအုံများကို မီးရှို့ဖျက်ဆီးမှု များပြုလုပ်လျက်ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထံက သိရသည်။
ယခုနှစ် မိုးရာသီတွင်စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်ရန် ကြိုးစားနေ သော်လည်း စစ်ဘေးရှောင်ရင်း စိုက်ပျိုးရသဖြင့်အခက် အခဲများရှိကြောင်း စစ်ကိုင်းတိုင်း အတွင်းရှိ စိုက်ပျိုးရေးလုပ်ကိုင်သူ ဒေသခံများက ဆိုသည်။
“ စိုက်ပျိုးရေးလုပ်ငန်းက ဂရုစိုက်ရတယ်။ သူ့အချိန်နဲ့သူ ပေါင်းသတ်ဆေး ပိုးသတ်ဆေး ကျွေးရတယ်။ အဲဒီလိုမလုပ်နိုင်ရင် ပေါင်းပင်တွေက စိုက်ထားတဲ့သီးနှံတွေကို ဝါးမြို သွားရော။ စစ်ဘေးရှောင်နေရတဲ့အချိန်ဆို လယ်ကိုမကြည့်တော့ဘူး။ စစ်ကြောင်းထိုး လာရင်းပြေးရတယ်။ သူတို့ပြန်သွားမှပြန်ဝင်ပေါ့” ဟု ကန့်ဘလူခရိုင်ရှိ ကျေးရွာ တစ်ရွာမှ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းကို ပြောသည်။
စစ်ကောင်စီ၏ ကန့်ဘလူခရိုင် ကိုးတောင်ဘို့တိုက်နယ်၊ ချပ်သင်းတိုက်နယ် ခြေမြန်တပ်ရင်း၊ အမြှောက်တပ်ရင်းနှင့် ပျူစောထီးစစ်ကြောင်းများသည် ကျေးရွာများ အတွင်းစစ်ကြောင်း ထိုးရာတွင် ဒေသခံများကိုဖမ်းဆီးခေါ်ဆောင်ခြင်း၊ နေအိမ်များကို မီးတင်ရှို့ခြင်း၊ စပါးကျီအပါအဝင် ထွန်စက်၊ ဆိုင်ကယ်များကိုမီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ချက်ရှိကြောင်း သိရသည်။
စစ်ကောင်စီသည် ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ် မိုးရာသီတွင်သီးနှံစုံ ဧက ၆၈၉၀၀၀ ကျော်စိုက်ပျိုးလျားထားပြီး မိုးစပါး ၁၇၄၆၀၇ ဧက၊ ပဲမျိုးစုံ (ပဲတီစိမ်း၊ ပဲစင်းငုံ၊ စွန်တာပြာ) ၂၄၆၆၅၂ ဧက၊ ဆီထွက်သီးနှံ (မြေပဲ၊ နေကြာ) ၅၉၃၀၀ ဧက၊ ကြံ ၁၁၀၁၀ ဧက၊ ဝါ ၅၅ ဧက၊ စားဖိုဆောင်သီးနံ ၁၅ ဧက အခြားသီးနှံ ၁၅၉၉၀၆ ဧက အပါအဝင် နှစ်ရှည်ပင် ၃၇၀၁၃ ဧက စိုက်ပျိုးရန်လျာထားသည်ဟု ဇွန်လ ၁၂ ရက်နေ့ထုတ် စစ်ကောင်စီ၏ မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
စစ်ကိုင်းတိုင်းတွင် စစ်တပ်က အာဏာသိမ်းထားသည့်ကာလအတွင်း ၂၀၂၃ ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ နေအိမ်မီးရှို့မှုပေါင်း ၄၇,၇၇၈ လုံးရှိကြောင်း Data For Myanmar က ထုတ်ပြန်ထားပြီး စစ်ရှောင်ဒေသခံ ငါးသိန်း (၅၀၀,၀၀၀) ခန့်ရှိကြောင်းသိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
ပုံစာ – ဧရာဝတီတိုင်းရှိ မြို့နယ်တစ်ခုတွင် မိုးသီးနှံ စိုက်ပျိုးရန် ပြင်ဆင်နေစဉ်
#စစ်ကိုင်းတိုင်း #ကန့်ဘလူခရိုင် #စစ်ကောင်စီတပ် #စစ်ကြောင်းထိုးမီးရှို့ #မိုးရာသီသီးနှံ #ဧက၆သိန်းကျော် #စိုက်ပျိုး#စစ်ကောင်စီသတင်းစာ #Ayeyarwaddy_Times