ဧရာဝတီတိုင်းမ်
ဇွန်လ ၁၃ ရက်
ဧရာ၀တီတိုင်း ပုသိမ်မြို့မှာ စစ်ကောင်စီကပုဒ်မ ၅၀၅ နဲ့အမှုဖွင့်ထားတာကြောင့် ရှောင်တိမ်းနေရတဲ့ အမျိုးသားတစ်ဦး ဇွန်လ ၁၂ ရက်နေ့ ညနေက ဖမ်းဆီးခံလိုက်ရတယ်လို့သိရပါတယ်။
ပုသိမ်မြို့၊ အမှတ် ၆ ရပ်ကွက်၊ နှစ်ထောင်တန် (၃)လမ်းမှာနေထိုင်တဲ့ ကိုဘူတင်း ဆိုသူဟာ သလပ်ခွာကျေးရွာမှာရှောင်တိမ်းနေစဥ် စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးတာခံလိုက်ရတာလို့သိရပါတယ်။
” ၅၀၅ ထုတ်ထားတာ ဆန္ဒပြပွဲတွေနဲ့ ခံတပ်တွေ လုပ်တုန်းက ၂ နှစ်လောက်ရှိပြီ။ သူလဲရှောင်နေတာ မမိခင်က အိမ်ကို အင်အားအပြည့်နဲ့လာရှာတာ ၃ကြိမ်လောက်ရှိတယ်”လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်နဲ့ရဲတွေ ဖမ်းဆီးသွားပြီး နောက်ပိုင်း မိသားစုနဲ့ အဆက်သွယ်မရတော့ဘဲ မည်သည့်စခန်းမှာ ဖမ်းဆီးထားပြီးစစ်ဆေးနေတာကို မသိရသေးဘူးလို့ ဆိုပါတယ်။
ပုသိမ်မြို့နယ်မှာ ဇွန်လဆန်းပိုင်းကစပြီး စစ်ကောင်စီလက်အောက်ခံ စရဖ၊ သတင်းတပ်ဖွဲ့များက နယ်မြေအတွင်း လိုက်လံတေစုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး လက်ရှိအချိန်ထိ စွပ်စွဲဖမ်းဆီးထားသူ ၁၀ ဦးနီးပါးရှိနေပြီလို့ သိရပါတယ်။
ပုသိမ်မြို့မှာ ရပ်ကွက်တိုင်းညစဥ် ဧည့်စာရင်းစစ်နေပြီး ယခင်ဆန္ဒပြပွဲများတွင် ပါ၀င်ခဲ့သူများ၊ CDM ၀န်ထမ်းများကို ပြန်လည် ဖမ်းဆီးစစ်ဆေးတာတွေပြန်လည်ပြုလုပ်လာတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ဓာတ်ပုံ – ပုံအဟောင်းအားပြန်လည်အသုံးပြုထားပါသည်။
#ပုသိမ်မြို့ #အမျိုးသားတစ်ဦး #ဖမ်းဆီးခံရ #ပုဒ်မ၅၀၅ #စစ်ကောင်စီတပ် #Ayeyarwaddy_Times