ဧရာဝတီတိုင်းမ်
ဇွန်လ ၁၃ ရက်

အိန္ဒိယနိုင်ငံအခြေစိုက် တောင်အာရှ နိုင်ငံခြားသတင်းထောက်များအသင်း ဥက္ကဋ္ဌ အစ်ဗန်ကတ်နာရာ ယန်းဟာ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ the Global New Light of Myanmar သတင်းစာရဲ့ ဖိတ် ကြားချက်အရ ပြီးခဲ့တဲ့သီတင်းပတ်က နေပြည်တော်သို့ သွားရောက်ပြီး စစ်ကောင်စီခန့် ဝန်ကြီးလေးဦးနဲ့ တွေ့ဆုံ ခဲ့ပါတယ်။

အဲဒီလို တွေ့ဆုံတာကြောင့် တောင်အာရှ နိုင်ငံခြားသတင်းထောက်များအသင်း အသင်းဝင်ဆယ်ဦး နုတ် ထွက်လိုက်ကြတယ်လို့ သိရပါတယ်။

Economist, Washington Post, AFP, Financial Times, Radio France International နဲ့ ARD စတဲ့ ထင်ရှားတဲ့ သတင်းဌာနတွေက ဌာနမှူးတွေအပါအဝင် လက်ရှိ FCC အဖွဲ့ဝင်ဆယ်ယောက်က အစ်ဗန်ကတ်နာရာ ယန်းရဲ့ မြန်မာခရီးစဉ်နဲ့ပတ်သက်လို့ အကြောင်းကြားစာ ပေးပို့ပြီး နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။

အဲဒီပေးစာမှာ တောင်အာရှ နိုင်ငံခြားသတင်းထောက်များအသင်းဝင်ဟောင်း နိုင်ငံခြားသတင်းထောက် ၂၂ ဉီးက ထောက်ခံထားတယ်လို့လည်း ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီထိန်းချုပ် The Global New Light of Myanmar သတင်းစာမှာဖော်ပြမှသာ အစ်ဗန်ကတ်နာရာယန်းရဲ့ မြန်မာခရီးစဉ်ကို သိရတာလို့ အမည်မဖော်လိုတဲ့ လက်မှတ်ရေးထိုးသူတစ်ယောက်က ပြောပါတယ်။

အစ်ဗန်ကတ်နာရာယန်းကတော့ တောင်အာရှ နိုင်ငံခြားသတင်းထောက်များအသင်းဝင်တွေ နှုတ်ထွက် စာတင်တဲ့ ကိစ္စနဲ့ပတ်သက်လို့ ထင်မြင်ချက် မပေးလိုဘူးလို့ ပြောပါတယ်။

မြန်မာသတင်းစာကို ဧည့်သည်တစ်ဉီးအနေနဲ့ သွားရောက်ခဲ့တာဖြစ်ပြီး ခေါင်းကြီးနဲ့ပတ်သက်တဲ့ အ ကြောင်းအရာတွေ မျှဝေဖို့ သတင်းထောက်တစ်ဉီးအနေနဲ့ ဖိတ်ကြားခဲ့တာလို့ အစ်ဗန်ကတ်နာရာယန်းက ပြောပါ တယ်။

“ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့ မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေတယ်ဆိုတာ သိရှိဖို့ မြန်မာနိုင်ငံက သံတမန်တွေ၊ သတင်းထောက်တွေနဲ့ ဝန်ကြီးတွေကို ကျွန်တော်တွေ့ခဲ့တာပါ” လို့ သူက ဆိုပါတယ်။

ဒီကိစ္စကိုဆွေးနွေးဖို့ တောင်အာရှ နိုင်ငံခြားသတင်းထောက်များအသင်းက ဇွန်လ ၁၃ ရက်နေ့မှာ အရေး ပေါ် အစည်းအဝေးတစ်ရပ် ပြုလုပ်မယ်လို့ သိရပါတယ်။

ကိုးကား – The Wire
Ref; Foreign Correspondents Club Members Resign After President Visits Myanmar, Meets Junta Ministers

#Ayeyarwaddy_Times