ဧရာ၀တီတိုင်းမ်
ဇွန် ၁၂ ရက်

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် MICC-2 (မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန) အနီးရှိ စစ်ကောင်စီတပ် စစ်ဆေးရေး ဂိတ်ကို ယနေ့ ဇွန်လ ၁၂ ရက်နေ့ ည ပိုင်းက ဗုံးဖြင့် တိုက်ခိုက်ခံရကြောင်း ဒေသခံတစ်ဦးထံက သိရသည်။

နေပြည်တော်၊ MICC 2 အနီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ယနေ့ ည ၈ နာရီခန့်က ဗုံး ဖြင့်ပစ်ခတ်တိုက်ခိုက်ခံရပြီး နေပြည်တော်တွင် ၁ ရက်အတွင်း နှစ် ကြိမ် ဗုံးဖြင့် တိုက်ခိုက် ခံရခြင်းဖြစ်သည်။

“စစ်ဆေးရေးဂိတ်မှာရှိတဲ့ အစောင့်တွေပစ်ခံရတာ။ သေမသေတော့ မသိဘူး။ လူနာတင် ယာဉ်တွေရောက် လာတယ်။ အဲဒီနေရာက နိုင်ငံခြားသားတွေ စစ်တပ် အရာရှိတွေပွဲတွေ လာလုပ်တဲ့နေရာပေါ့။ ကုန်စည်ပြ ပွဲတွေလုပ်လေ့ရှိတဲ့နေရာပါ။ ဒီလိုနေရာကိုတောင် ဖောက်ခွဲမှု လုပ်လာနိုင်တာ အံ့ဩတယ်”ဟု မြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို မည်သည့်မြို့ပြပြောက်ကျား တပ်ဖွဲ့က ပြုလုပ်ခြင်းဖြစ်သည်ကို အတည်ပြု၍မရသေးဘဲ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဘက်မှ ထိ ခိုက်သေဆုံးမှုကိုလည်း မသိရှိရသေးပေ။

MICC-2 ကို ယနေ့ ညပိုင်းက တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ယနေ့ ညနေပိုင်းကလည်း နေပြည်တော်၊ လယ်ဝေးမြို့၊ (၄) ရပ်ကွက်ရှိ မြို့မရဲစခန်းကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရပြီး ရဲအုပ်အပါအ၀င် သုံး ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

နေပြည်တော်ရှိ စစ်ကောင်စီလက်အောက်ခံ လယ်ဝေးမြို့မရဲစခန်း ဗုံးဖြင့်ပစ်ခတ် တိုက်ခိုက်ခံရစဉ် ရဲအုပ်ပြုံးချို၊ ရဲတပ်ကြပ်ကျော်သူ၊ ရဲတပ်သားဒီသုခတို့ သုံးဦး ထိခိုက် ဒဏ်ရာရရှိကာ ရဲတပ်သား ဒီသုခမှာ ဆေးရုံသို့ရောက်ရှိပြီး မကြာခင်တွင် သေဆုံး သွားကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
#နေပြည်တော် #၁ရက်အတွင်း၂ကြိမ် #MICC2စစ်ဆေးရေးဂိတ် #လယ်ဝေးမြို့မရဲစခန်း #လက်ပစ်ဗုံး #တိုက်ခိုက်ခံရ #Ayeyarwaddy_Times