ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဇွန် ၁၂ ရက်
ချင်းပြည်နယ်၊ မတူပီမြို့တွင် စစ်ကောင်စီတပ်ဖွဲ့များက အရပ်ဝတ်များဖြင့် သွားလာမှုများ ပြုလုပ်ခြင်းကြောင့် မည်သည့်အဖွဲ့အစည်းမဆို ချင်းကာကွယ် ရေးတပ်ဖွဲ့ (မတူပီ)၏ ခွင့်ပြုချက်ဖြင့်သာ မတူပီမြို့နယ်တွင် ဝင်/ထွက် သွားလာရမည် ဖြစ်ကြောင်း သိရသည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)အနေဖြင့် တရားဝင်ထုတ်ပြန်ချက်မရှိပေမယ့် ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့တွင် ချင်းအမျိုးသားတပ်မတော်/ချင်းအမျိုးသားတပ်ဦး(CNA/CNF)က ထုတ်ပြန်ချက်ကို အတည်ပြုထားကြောင်းCDF-မတူပီထံက သိရသည်။
“မတူပီအတွက်လည်း အကြုံးဝင်သွားတာပေါ့။ ကျွန်တော်တို့ အခုချိန်ကနေပြီးတော့ အကုန်လုံးကို ကျပ်ကျပ်မတ်မတ် လုပ်မှာ ဆိုတော့ CNA/CNFက ထုတ်ပြန်ထား တဲ့အတိုင်းပဲ ကျင့်သုံးသွားမယ်။ နောက်ဆုံးကျွန်တော်တို့ သတင်းရလာတာက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက အရပ်ဝတ်နဲ့ ဒီလိုပဲအဝင်/အထွက်တွေ ခိုးခိုးလုပ် နေတယ်ဆိုတာ သတင်းရလာတယ်” ဟု CDF-မတူပီပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန် ကိမ်းက ဧရာဝတီ တိုင်းမ်ကို ပြောသည်။
မတူပီမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများသည် မြို့ပေါ်သို့ သွားရောက်ခြင်းမရှိသော်လည်း မတူပီမြို့ပေါ်ရှိ ဒေသခံများကို ငဲ့ညာမှုအနေဖြင့် ခရီးသည်ယာဥ်လိုင်းများကို CDF-မတူပီက ခွင့်ပြုပေးထားပြီး NGO၊ INGOအဖွဲ့အစည်းများအပါအဝင် အခြားအဖွဲ့ အစည်း များလည်း ဝင်/ထွက်သွားလာမှု ပိုမိုများပြားလာခြင်းကြောင့် လုံခြုံ ရေး အခြေအနေအရ ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)သည် ယမန်နှစ်က မတူပီမြို့ အဝင်/အထွက်နှင့် ပတ်သက်၍ ကန့်သတ် ထားသော်လည်း ဒေသခံများ၏ အခက်အခဲတချို့ကြောင့် ပြန်လည်ဖြေလျော့ ပေးခြင်းဖြစ်ကြောင်းသိရသည်။
“အခုချိန်က ပြည်သူတွေအနေနဲ့လည်း သတိထားရမှာက ဘာဖြစ်သလဲဆိုတော့ NGO/INGOတွေက ဝင်တာ၊ ထွက်တာတွေ တော်တော်များနေပြီ။ အရမ်းများနေတော့ ဟိုယောင်ယောင် ဒီယောင်ယောင်အကြောင်းပြပြီးတော့မှ ဝင်လာမယ့်အရာတွေ အများ ကြီးရှိနိုင်တယ်။ လုံခြုံရေးအတွက်ရော ပြည်သူအတွက်ပါ အရမ်း အန္တရာယ်ရှိတဲ့ အတွက်ကြောင့် NGO/INGOတွေလည်း ကျွန်တော်တို့ရဲ့ ခွင့်ပြုချက် မရှိရင်တော့ အဝင်/အထွက်(လုံးဝ)မရတော့ဘူး။ CDF-မတူပီအတွင်းမှာတော့ မည်သည့်အဖွဲ့အစည်း မဆို ကြိုက်သလို ဝင်/ထွက်လို့တော့ ရမှာမဟုတ်တော့ဘူး” ဟု နိုင်ဂျွန်ကိမ်းက ဆက်လက်ပြောကြားသည်။
မတူပီမြို့အခြေစိုက် စစ်ကောင်စီတပ် ဗျူဟာမှူးကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ)က ပစ်ခတ်ရှင်းလင်းပြီးနောက် ပြည်မဘက်မှနေ၍ အရပ်ဝတ်ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားရောက်ရှိလာကြောင်း စစ်ကောင်စီတပ်တွင်းသတင်းအရ သိရသည်။
Photo-CDF-မတူပီတပ်ဖွဲ့ဝင်များ
#ချင်းပြည်နယ် #မတူပီမြို့ #စစ်ကောင်စီတပ်ဖွဲ့ဝင် #အရပ်ဝတ် #ချင်းကာကွယ်ရေး တပ်ဖွဲ့မတူပီ #ခွင့်ပြုချက် #သွားလာခွင့် #Ayeyarwaddy_Times