ဆောင်းပါးရှင်-ဝေဟင်စိုး
ဧရာ၀တီတိုင်းမ်၊ ဇွန်လ ၁၂ ရက်

ရောင်ခြည်ဟာ ပန်းကလေးများ အတွက် လိုအပ်တဲ့ သဘာဝ စွမ်းအားတစ်ခု ဖြစ်ပေမယ့် နေအပူရှိန် ပြင်းလွန်းရင်လည်း ပန်းကလေးတွေဟာ ညှိုးနွမ်း ခြောက်သွေ့ သွားနိုင်တယ် မဟုတ်ပါလား…။

မကြာသေးခင်က ဇွန်လဆန်း ရက် ၁ ရက်ရဲ့ မနက်ခင်း နေရောင်ခြည် အောက်မှာတော့ နိုင်ငံတွင်းရှိ အခြေခံပညာကျောင်း စာသင်ခန်း တချို့ဟာ ပြန်လည် သက်ဝင်လှုပ်ရှား လာခဲ့ရ ပြန်ပါပြီ။

အာဏာသိမ်း စစ်ကောင်စီက ဇွန်လ ၁ ရက်နေ့မှာ စာသင်ကျောင်းတွေ ပြန်ဖွင့်ရမယ်လို့ အမိန့်ပေး ညွှန်ကြားခြင်းကြောင့်ပဲ ဖြစ်ပါတယ်။

မျက်ဝန်းထဲ မြင်လာရတဲ့ အဖြူအစိမ်းဝတ် အနာဂတ် ပန်းကလေးတွေကတော့ အပြုံးကိုယ်စီနဲ့ ကျောင်းပရဝုဏ်တွေ တစ်ဝိုက် စည်ကား သွားလာလို့ နေပါတယ်။

ကျောင်း ကြို/ပို့ ကားတွေ၊ ဆိုင်ကယ်တွေ၊ စက်ဘီးတွေနဲ့ တချို့သော ကျောင်းသားတွေဆိုရင် အိမ်စီးကားကောင်းတွေနဲ့ ကျောင်းလာပို့တဲ့ မြင်ကွင်း တွေကိုလည်း တွေ့ရပါတယ်။

စစ်ကောင်စီဟာ အာဏာ သိမ်းချိန်ကစပြီး အခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အထိ စာသင် ကျောင်းတွေ ဖွင့်လှစ်ခဲ့တာနှစ်နှစ်ကျော် ရှိခဲ့ပြီ ဖြစ်ပါတယ်။

ပြည်သူက “စစ်ကျွန်ပညာရေး”ကို လက်မခံဘဲ သပိတ်မှောက်ခဲ့တဲ့ ကျောင်းသား အရေအတွက်ဟာ တစ်နိုင်ငံလုံးကျောင်းသား ဦးရေရဲ့ ရာခိုင်နှုန်း ၇၀ ကျော် ရှိခဲ့တယ် လို့ အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM) ပညာရေး အသိုင်းအဝိုင်းရဲ့ ပြောဆိုချက် တွေအရ သိရပါတယ်။

စစ်အာဏာ သိမ်းတာကို အလိုမရှိတဲ့အပြင် စစ်အုပ်စု ကန့်သတ်ထားတဲ့ ပညာရေး ယန္တရားကို မနှစ်သက်တဲ့အတွက် ကျောင်းဆရာ/ဆရာမများ အပါအဝင် ကျောင်းသား မိဘနဲ့ ကျောင်းသားထုအားလုံး နီးပါးဟာ “ကျောင်းမတက်နဲ့ ကျောင်းထွက်”၊ “စစ်ကျွန် ပညာရေး အလိုမရှိ” ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ စာသင်ခန်းတွေကို ကျောခိုင်းစွန့်ခွာခဲ့တာ ဟာလည်း အခုနှစ်နဲ့ ဆိုရင် နှစ်နှစ်ကျော်ခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိ ကြားကာလလို အချိန်မျိုးမှာ တော်လှန်ရေး ကြာလာတာနဲ့အမျှ သားသမီးတွေ ပညာသင်ကြားရေးနဲ့ပတ်သက်လို့ မိဘတွေရဲ့ စိုးရိမ် ပူပန်စိတ်ဟာ မြင့်တက်လာခဲ့ရပါပြီ။

ဒါကြောင့်ပဲ တတ်နိုင်တဲ့မိဘတွေက တတ်နိုင်သလို မတတ်နိုင်တဲ့ မိဘတွေကလည်း ပညာရေးနှောင့်နှေးမှာ စိုးရိမ်တာကြောင့် စစ်ကောင်စီ ဖွင့်လှစ်တဲ့ ကျောင်းတွေမှာ ပြန်လည် အပ်နှံလာတာကိုလည်း တွေ့ရပါတယ်။

အခု ၂၀၂၃-၂၀၂၄ ပညာနှစ်မှာ ကျောင်းပြန်လည် တက်ရောက်လာတဲ့ ကျောင်းသား အရေအတွက်ဟာ ခြောက်သန်းကျော်အထိ ရှိကြောင်း စစ်ကောင်စီ လက်အောက်ခံ ပညာရေး ဝန်ကြီးဌာနရဲ့ စာရင်းဖော်ပြချက်တွေအရ သိရပြီး၊ အဲဒီ ကိန်းဂဏန်း အရေအတွက်ဟာ ၂၀၂၂ – ၂၀၂၃ ခုနှစ် ပညာသင်နှစ်ထက် ကျောင်းပြန်လည် အပ်နှံသူရာခိုင်နှုန်း မြင့်တက်လာတယ် လို့လည်း CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဆရာ/ဆရာမ အသိုင်း အဝိုင်းက ပြောဆိုကြပါတယ်။

အရင် ပညာသင်နှစ်က ပုဂ္ဂလိက ကိုယ်ပိုင် အထက်တန်းကျောင်း အပါအဝင် စစ်ကောင်စီ ဖွင့်လှစ်တဲ့ ကျောင်းတွေမှာ ကျောင်းသား စုစုပေါင်း ၁၆ သိန်းကျော် စာသင်ကြားခဲ့တယ်လို့လည်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

#စာသင်ခန်းတွေကိုဘာ့ကြောင့်စွန့်ခွာကြရတာလဲ

စစ်အုပ်စုလက်ထက် ပညာရေး အသိုင်းအဝိုင်းက စာသင်ခန်းတွေကို ဘာ့ကြောင့် စွန့်ခွာသလဲဆိုရင် စစ်အုပ်စုရဲ့ဖိနှိပ် ကန့်သတ်ထားတဲ့ ပညာရေးစနစ် သို့မဟုတ် စစ်ဖိနပ်အောက်က ပညာရေး စနစ်ကြောင့်ပဲ ဖြစ်ပါတယ်။

စစ်အုပ်စုအနေနဲ့ ၎င်းတို့ သတ်မှတ်ပြဌာန်းထားတဲ့ ပုံစံမျိုးကိုသာ သင်ကြားခိုင်းတာရယ်၊ လွတ်လပ်စွာပြောဆို သင်ကြားခွင့် မရတော့တာတွေ ကြောင့်လည်း ပါဝင်ပါတယ်။

ဒါ့ကြောင့် အများစုဟာ စာသင်ခန်းတွေကို စွန့်ခွာပြီးနောက်ပိုင်း အသက် ၁၆ နှစ်ကျော် ကနေ ၂၀ ကျော် အရွယ်ကျောင်းသား လူငယ်တွေဟာ ယုံကြည်ချက်တစ်ခုနဲ့ စစ်အုပ်စု ပြုတ်ကျရေးအတွက် လက်နက်ကိုင်လမ်းစဉ်ကိုရွေးချယ် ခဲ့ကြသလို တချို့ကတော့ ကျောင်းဆက်မတက်ဘဲ အဆုံးအထိ သပိတ်မှောက် တွန်းလှန်နေဆဲလည်း ဖြစ်ပါတယ်။

တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေ အတွက် ဘွဲ့တစ်ခု ရရှိရေး ပြဿနာ မရှိပေမယ့် အခြေခံပညာ မူလတန်းအဆင့် တက်ရောက်နေကြတဲ့ ကျောင်းသားငယ်လေးတွေရဲ့ အနာဂတ် ပညာရေးခရီးဟာ မှုန်ဝါးနေဆဲလည်း ဖြစ်ပါတယ်။

#စစ်ကောင်စီရဲ့ညောင်နှစ်ပင်ဖွဲ့စည်းပုံရေးဆွဲသလိုပညာရေးစနစ်

လူတချို့က နိုင်ငံရေးဟာ ငါတို့နဲ့ မဆိုင်ဘူးလို့ ပြောဆိုကြပါတယ်။ဒါဟာ အိမ်စာ ပုံမှန်မလုပ်တဲ့ ကျောင်းသား တစ်ယောက်နဲ့ အလားတူနေပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အုပ်ချုပ်မှုစနစ် မကောင်းတာ ၊ မသန့်ရှင်း မရိုးသားတော့ဘူး ဆိုရင် လူထုကသာ အထိအနာဆုံးဖြစ်ပြီး၊ လက်ရှိ အခြေခံပညာ မူလတန်း အဆင့် ပညာသင်ကြားရမယ့် ကလေးငယ်တွေအတွက် ရင်လေးစရာ ဖြစ်နေတယ်လို့ ရန်ကုန်မြို့နေ CDM ကျောင်းဆရာ တစ်ဦးက ပြောပါတယ်။

“ကောင်းမွန်တဲ့ အစိုးရ ၊ သန့်ရှင်းတဲ့ အစိုးရ မဟုတ်ရင် နယ်ပယ် အသီးသီးမှာ အနာတခြား ဆေးတခြား ဖြစ်နေကြဦးမှာပဲ။ ပညာရေးကို ကိုယ့်စိတ်တိုင်းကျ ရေးဆွဲပြီး ဒါကျက် ဒါဖြေစနစ် လုပ်တာဟာအနာဂတ် လူ့စွမ်းအား အရင်းအမြစ် အတွက် ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူး။ ကျွန်တော်တို့ သင်ချင်တာကပညာပါ။ ပြင်ထားပြီး ညာထားတဲ့ ပြင်ညာမဟုတ်ဘူး ဆိုတာတော့ သိသင့်တယ်။ ပညာရေးကို စစ်တပ်က ညောင်နှစ်ပင် ဖွဲ့စည်းပုံလို ကိုယ့်စိတ်ကြိုက် လုပ်လို့မရပါဘူး။ ဒီလိုတွေ လုပ်လို့လည်း ကျွန်တော်တို့ ခေတ်တုန်းက ဆယ်တန်းအောင် ဘွဲ့သာရခဲ့တာ သင်ထားတဲ့ပညာနဲ့ အလုပ်က တလွဲ၊ တချို့ဆို ဆိုက်ကား နင်းစားနေရတဲ့ ဘွဲ့ရတွေ ရှိနေတာကိုပဲ ကြည့်လေ။ ပညာရေးကို သင်းကွပ်တဲ့ သူတို့ လုပ်ရပ်ကြောင့် နိုင်ငံတကာ ပညာရေး စနစ်နဲ့ရင်ပေါင်တန်းနိုင် ဖို့ဆိုတာ ဝေးလွန်းပါတယ်”လို့လည်း ၎င်းက ဆက်လက်ပြီး ထောက်ပြ ပြောဆိုပါတယ်။

ဒါ့ကြောင့် ပညာရေးကို အကြိမ်ကြိမ် သင်းကွပ် မခံချင်တာကြောင့် ပညာရေး စနစ်ကောင်းတွေ ဖော်ဆောင်ပေးနိုင်တဲ့ အစိုးရ တက်မလာမချင်း စာသင်ခန်းတွေကို စွန့်ခွာထားတာ ဖြစ်တယ် လို့လည်း သူက ဆိုပါတယ်။

#ပညာသင်ကြားမှုကိုထိန်းချုပ်ကန့်သတ်တဲ့စစ်ကောင်စီ

စစ်အုပ်စု ဖွင့်လှစ်တဲ့ ကျောင်းတွေမှာ မတက်ရောက်တော့တဲ့ ကျောင်းသားတွေဟာ ကြားကာလ အနာဂတ်ပညာရေး အတွက် အမျိုးသား ညီညွှတ်ရေး အစိုးရ (NUG) က ဖွင့်လှစ်တဲ့ အွန်လိုင်းကျောင်းတွေမှာ ခိုးကြောင် ခိုးဝှက်နဲ့ စာသင်ကြား ကြရပါတယ်။

အဲ့ဒီအထဲမှာ Kaung for You လို FOEIM တို့လို အွန်လိုင်း ကျောင်းတွေဟာ နာမည်ကြီး ထင်ရှားတဲ့ ကျောင်းတွေဖြစ်ခဲ့ပါတယ်။ အဲ့ဒီကျောင်းတွေလည်း ရေရှည်မမြဲခဲ့ပါဘူး။ အင်တာနက် ဖြတ်တောက်ခံရတာ၊ ဒေတာခတွေ တိုးကောက်တာနဲ့ လျှပ်စစ်မီး မှန်မှန် မပေးဘဲ ဖြတ်တောက်ထားတာတွေကြောင့် ပညာသင်ကြားမှုဟာ ထင်တိုင်း မပေါက်ခဲ့ ပါဘူး။

အွန်လိုင်း စာသင်ခန်းတွေထဲအထိ စစ်အုပ်စုက ကျောင်းသား မိဘဟန်ဆောင်ပြီး သတင်းအချက်အလက် နှိုက်ယူခဲ့ နိုင်တာကြောင့် ကျောင်းတာဝန်ခံတွေ အပါအဝင် ဆရာ/ဆရာမနဲ့ ကျောင်းသားတွေရဲ့ အချက်အလက် ပေါက်ကြားမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လိုက်လံ ဖမ်းဆီးမှုကိုလည်း ခံခဲ့ကြရပါတယ်။

အဲဒီလို အချက်အလက် ပေါက်ကြားမှုကိုလည်း ဒီနေ့အထိ ဘာ့ကြောင့် ဖြစ်ရတယ်ဆိုတာ အဲ့ဒီ အွန်လိုင်း ပညာသင်ကျောင်းတွေက တာဝန်ယူဖြေရှင်းတာမျိုးလည်း အခုအထိ မရှိသေးပါဘူး။

NUG ဘက်ကလည်း ရေရေရာရာ ဖြေရှင်းပေးနိုင်တာ မရှိတဲ့အတွက် သားသမီးတွေရဲ့ အနာဂတ်ပညာရေး အတွက်နောက်ဆုံးမှာ စစ်အုပ်စု ဖွင့်လှစ်တဲ့ ကျောင်းတွေမှာဘဲ ပြန်လည် အပ်နှံလာမှုတွေ ရှိလာခဲ့ရခြင်းလည်း ဖြစ်ပါတယ်။

Kaung for You အွန်လိုင်းကျောင်းမှာ တက်ရောက်ခဲ့တဲ့ ရန်ကုန် ကျောက်တံတား မြို့နယ်အတွင်းက အမည်မဖော်လိုတဲ့ ကျောင်းသား မိဘတစ်ဉီးက “ကျွန်မတို့လည်း ဒီလို အခြေအနေတွေကြောင့် ဆက်မထားရဲတော့ဘူး။ ပညာသင်ကြားတာဟာ ဘယ်မှာ သင်သင် ကိုယ့်သားသမီး ပညာတတ်ဖို့ပဲလေ။ ဒါကို စစ်ကောင်စီက ကန့်သတ် ချုပ်ချယ် နေတာ။ ဈေးရောင်းသလိုပေါ့ သူများထက် ဝန်ဆောင်မှုကောင်းတွေ ပေးလာနိုင်ရင် စားသုံးသူက သူ့အလိုလို ရွှေးချယ်လာမှာပဲလေ။ ကိုယ်ပိုင် ကျောင်းပဲထားထား၊ စစ်ကောင်စီကျောင်းပဲ ထားထား စာတတ်မြောက်ဖို့ အရေးကြီးတယ်။ စစ်ကောင်စီ ကျောင်း မထားချင်လို့ အွန်လိုင်းကနေ သင်ပြန်တော့လည်း တာဝန်ယူမှု မရှိတာကြောင့် ကျောမလုံတော့ဘူး။ ကလေးတွေက အသက်အရွယ် နဲ့ အတန်းနဲ့ကို မလိုက်ဖက် တော့ဘူး။ ဒီလို ဖမ်းဆီးခံရတာကိုလည်း NUG ဘက်က ဖြေရှင်းချက် တိတိကျကျ မရှိခဲ့ဘူး” လို့ ထောက်ပြဝေဖန်ပါတယ်။

#ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းတွေကိုတင်းကျပ်တဲ့ ဥပဒေပြဌာန်း

ဒီနှစ် အတွင်းမှာပဲ စစ်အုပ်စုက ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေရဲ့ ပညာသင်ကြားရေး လွတ်လပ်ခွင့်နဲ့ ဆရာ/ဆရာမ ခန့်အပ်တာကို အခန်းပေါင်း ၁၆ ခန်း၊ ပုဒ်မပေါင်း ၈၂ ခု ပါဝင်တဲ့ ပုဂ္ဂလိက ပညာရေး ဥပဒေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေလ ၁၂ ရက်က လက်မှတ်ထိုး ပြဌာန်းခဲ့ပါတယ်။

အဲဒီ့ ဥပဒေ အရ စစ်ကောင်စီရဲ့ ပညာရေးဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ဟာ ပုဂ္ဂလိက ကျောင်းတွေရဲ့ စံချိန်းစံညွှန်းသတ်မှတ်တာ၊ ဆရာ/ဆရာမ မှတ်ပုံတင် လျှောက်ထားတာ၊ နိုင်ငံခြားသား ကျောင်းဆရာ မှတ်ပုံတင် ထုတ်ပေးတာ၊စာသင်ကြားခွင့် လိုင်စင်တွေကို သက်တမ်း တိုးပေးတာ၊ ဖျက်သိမ်းတာနဲ့ ကျောင်းဖွင့်လှစ်တာက အစ ဆရာ/ဆရာမ ခန့်အပ်တာအဆုံး အခွင့်အာဏာ အားလုံးနီးပါး လုပ်ပိုင်ခွင့်ပေးထားသလို သင်ရိုး ညွှန်းတမ်းကိုလည်း ၎င်းတို့ ခွင့်ပြုချက်ရမှသာ သင်ကြားရမယ်လို့ ပြဌာန်းထားခြင်း ဖြစ်ပါတယ်။

အဲဒီ ဥပဒေ အရ ပြစ်မှုတစ်ခုခုကို ကျူးလွန်ရင်လည်း အနည်းဆုံး ထောင်ဒဏ် နှစ်လ ကနေ နှစ်နှစ်အထိ ချမှတ်ခံရမှာ ဖြစ်သလို ငွေဒဏ်အနေနဲ့ ကျပ် သိန်း ၃၀ ကနေ ကျပ်သိန်း ၅၀၀ အထိ နဲ့ ပြစ်ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်တယ်လို့လည်း ဖော်ပြထားတာ တွေ့ရပါတယ်။

စစ်ကောင်စီက ဒီဥပဒေ ပြဌာန်းတာဟာ စစ်အာဏာရှင် ဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ဆရာ/ဆရာမတွေအနေနဲ့ ပုဂ္ဂလိက ကျောင်းတွေမှာ အလုပ်ဝင်ခွင့်မရအောင် လုပ်ဆောင်တာဖြစ်ပြီး ပညာရေး လောကကို စစ်မိန့်နဲ့ချယ်လှယ် လာတာဖြစ်တယ်လို့ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း ဆရာ/ဆရာမများ သမဂ္ဂအဖွဲ့ဝင် CDM ဆရာတစ်ဦးဖြစ်တဲ့ ဦးမင်းမင်းဦး (သင်္ချာ) (အမည်လွှဲ) က ပြောပါတယ်။

“စကစ လက်ထက်မှာ ပညာရေးစနစ်ကို သင်းကွပ်ချင်နေတာ ပေါ်လွင်တယ်။ ငါနဲ့မတူ ငါ့ရန်သူလို့ အမှတ်ထားပြီးတစ်ပါးသူမိသားစု ထမင်းအိုးကို ရိုက်ခွဲတာလို့ မြင်တယ်။ လွတ်လပ်စွာ ပညာသင်ကြားခွင့်နဲ့ သင်ယူခွင့်ကို ရိုက်ချိုးနေတာလည်း ဖြစ်တယ်။ နိုင်ငံတကာမှာ ကလေးတွေကို သင်ကြားနေတဲ့ သင်ရိုးတွေကို ခွင့်ပြုချက်ရမှ သင်ရ မယ်ဆိုကတည်းကိုက သူတို့ဖြစ်ချင်တာနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေတာ ကြောင့်လေ။ အနာဂတ် မျိုးဆက်တွေရဲ့ ရှေ့ပညာရေး ခရီးအတွက် ရင်လေးမိတယ်ဗျာ”လို့လည်း သူက ဆိုပါတယ်။

စစ်အုပ်စု ပြဌာန်းတဲ့ ပုဂ္ဂလိက ကျောင်းဥပဒေက CDM ဆရာ/ဆရာမတွေကို ခြိမ်းခြောက်တဲ့ သဘောလည်းဆောင်နေတယ်လို့လည်း သူက ထပ်မံ ထောက်ပြ ပြောဆိုပါသေးတယ်။

#စစ်ကောင်စီရဲ့အခြေမလှတဲ့စာသင်ခန်း

အကြမ်းမဖက် စစ်အာဏာ ဖီဆန်ရေး (CDM) ပြုလုပ်တဲ့ ဆရာ/ဆရာမတွေ ရှိနေတာကြောင့် ဆရာ/ဆရာမ မလုံလောက်တဲ့ ပြဿနာ ဖြစ်ပေါ်နေပြီး အခြေခံကျတဲ့ မူလတန်းလို စာသင်ခန်း နှစ်ခန်းကို ဆရာတစ်ဦးနဲ့ သင်ကြားနေရတာ၊ ကျွမ်းကျင်ဆရာ/ဆရာမတွေ မရှိတာကြောင့် ကလေးတွေအတွက် သင်ကြားရေးပိုင်းမှာ အလွန်အားနည်းနေတာ ကြုံတွေ့ရတယ် လို့လည်း ရန်ကုန် ကမာရွတ်မြို့နယ် အတွင်းက အခြေခံပညာ မူလတန်းအဆင့်တက်ရောက်နေတဲ့ ကျောင်းသား မိဘတချို့က ပြောဆိုပါတယ်။

“ကျောင်းတက် ကျောင်းဆင်းချိန်တိုင်း ကျွန်မတို့ ကြိုပို့လုပ်တယ်။ စာသင်သံလည်း မကြားဘူး။ တိတ်ဆိတ်နေတယ်။ ဒီအရွယ်တွေက စာကို အော်ဟစ်ဆိုနေရမှာ၊ ဘာအသံမှ မကြားဘူး။ ကလေးတွေကို ကြည့်လိုက်ရင် ပြေးဆော့နေတာကိုပဲ တွေ့ရတယ်။ ကျွန်မက ကလေးကိုမေးရင် ဆရာမက ဟိုဘက်အခန်း စာသွားသင်နေလို့ ဆော့နေတာလို့ ပြောတယ်။ စာသင်ခန်းတွေမှာ ကလေးတွေ စာအံသံ ကျယ်ကျယ်လောင်လောင်ထွက်ရမယ့်အစား တိတ်ဆိတ်နေတာမျိုးတွေ ကြုံရတယ်” လို့လည်း ကျောင်းသား မိဘ တစ်ဦးက ပြောပြပါတယ်။
စစ်ကောင်စီကို အဆုံးစွန်အထိ သပိတ်မှောက်ထားတဲ့ အခြေခံပညာ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းအဆင့် ကျောင်းသားတွေဟာ ကျောင်းပြန်တက်မယ် ဆိုရင်တောင် လက်ရှိမှာ ရောက်ရှိနေတဲ့ အသက်နဲ့ အတန်းဟာ နှစ်နှစ်စာ ကွာဟ သွားပြီ လို့လည်း ပဲခူးမြို့ ဇိုင်းဂနိုင်း ရပ်ကွက်မှာ နေထိုင်တဲ့ ကျောင်းသား မိဘတစ်ဦး ဖြစ်သူမရွှေစင် (အမည်လွှဲ) ကလည်း ပြောဆိုပါတယ်။

သူက ဆက်လက်ပြီး“ကလေးတွေက တစ်တန်းအောင်ပြီး နှစ်တန်း တက်ရမယ့်နှစ်မှာ ကိုဗစ်ဖြစ်တာကြောင့်ကျောင်းတွေ ယာယီပိတ်ထား လိုက်တယ်။ ကိုဗစ် တည်ငြိမ် စဖြစ်တဲ့ အချိန်မှာပဲ စစ်တပ်က အာဏာသိမ်းလိုက်တော့ အခြေခံပညာ မူလတန်း အဆင့် ကနေ အဆင့်မြင့် တက္ကသိုလ် စာသင်ခန်းက ကျောင်းသားတွေသပိတ်မှောက်ခဲ့ကြတယ်။ အခုဆို ဘာလိုလိုနဲ့ နှစ်နှစ် ရှိပြီလေ။ အခု ကျောင်းပြန်ထားရင်လည်း အသက်ရယ်၊ အရပ်ရယ်က နှစ်တန်းကို ပြန်တက်ရမယ်ဆိုတော့ အဆင်မပြေတော့ဘူး။ သူတို့ ကိုယ်တိုင်လည်း ရှက်လို့ မတက်ချင်တော့ဘူးလို့ ပြောတယ်။ ဒါကြောင့် ကျွန်မတို့ ကျောင်းပြင်ပ ပညာရေးကို သင်မယ်။ ပြီးရင်အသက်မွေးဝမ်းကျောင်း ပညာတစ်ခုကို သင်ပေးမယ်။ အရွယ် ရောက်လာရင် နိုင်ငံခြား ထွက်ခိုင်းဖို့ပဲ ဆုံးဖြတ်ထားတယ်”လို့လည်း ပြောပြပါတယ်။

#NUGအစိုးရပညာရေးလမ်းကြောင်းဘာလဲဘယ်လဲ

NUG ရဲ့ နွေဦး တော်လှန်ရေးကာလ အဆင့်မြင့် ပညာရေးကဏ္ဍ ပထမအကြိမ် ညီလာခံကို အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံ ကောင်စီ (NUCC) က ၂၀၂၃ ဧပြီလ ၂၁ ရက် ကနေ ၂၅ ရက်အထိ ၅ ရက်ကြာ ကျင်းပခဲ့ပါတယ်။

အဲ့ဒီ ညီလာခံအတွင်း NUG အစိုးရ ယာယီ သမ္မတကြီး ဒူဝါလရှီးလက အဖွင့်အမှာစကား ပြောကြားရာမှာ “ဒီမိုကရေစီစံနှုန်းများကို အလေးအမြတ်ပြုသော ပညာရေးဖြစ်ထွန်းရန် လိုအပ်သကဲ့သို့ ဖက်ဒရယ်စနစ်နှင့် ကိုက်ညီသော ပညာရေး စနစ် ဖြစ်ရမည် ဖြစ်ကြောင်း၊ ပညာရေးကို ထူထောင်သည့်အခါ အခြေခံပညာရေး ကဏ္ဍသည်အရေးကြီးသကဲ့သို့ အဆင့်မြင့် ပညာရေးကဏ္ဍ သည်လည်း အရေးကြီးကြောင်း၊ တော်လှန်ရေး ကာလ အတွင်းတွင်တည်ဆောက်ရေး လုပ်ငန်းများကိုလည်း ယှဉ်တွဲလုပ်ဆောင်ရန် လိုအပ် ကြောင်း၊ ထို့အတွက် မျိုးဆက်သစ်လူငယ်များ အသိပညာ ဖွံ့ဖြိုးမှု အတွက် ပညာရေးကဏ္ဍသည် အရေးပါသောကဏ္ဍဖြစ်ကြောင်း နှင့် ညီလာခံကိုတက်ရောက် လာကြသော ဆရာ၊ ဆရာမများ၊ ကိုယ်စားလှယ် အသီ;သီး၊ ခေါင်းဆောင် အသီးသီး က ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြပါ”လို့ တိုက်တွန်း ထားပါတယ်။

ဒါပေမယ့် NUG အစိုးရ၊ ပညာရေးဝန်ကြီးဌာန အနေနဲ့ အဆင့်မြင့် ပညာရေးကဏ္ဍကို ဦးစားပေး ဖော်ဆောင်တာကိုသာ တွေ့ရပြီး အခြေခံပညာ ကျောင်းသားငယ်များ အတွက် သီးခြား ဖော်ဆောင်တာမျိုး မတွေ့ရသေးပါဘူး။ညီလာခံ အပြီးမှာ သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ကြရာမှာတော့ ကျောင်းသား မိဘတစ်ဦးရဲ့ အခြေခံပညာအဆင့် ကျောင်းသာများ အတွက် မည်သို့ လုပ်ဆောင်ရန် ရှိသည်ကို မေးမြန်းရာမှာလည်း တိကျသည့်အဖြေ ထွက်ပေါ်မလာခဲ့ပေ။

လက်ရှိမှာ စစ်ကောင်စီရဲ့ကျောင်းတွေ ပြန်လည် ဖွင့်လှစ်နေပြီ ဖြစ်သော်လည်း စစ်ကျွန်ပညာရေးကို အလိုမရှိလို့ကျောင်း မတက်ဘဲ ကျောင်းထွက်ခဲ့ကြသည့် CDM ပြုလုပ်ထားကြတဲ့ အခြေခံပညာအဆင့် ကျောင်းသားငယ်များအတွက် NUG အနေနဲ့ ဘာတွေ စီစဉ်ထားလဲဆိုတာ မေးခွန်းထုတ်စရာ အချိန်တစ်ခု ဖြစ်လာပါတယ်။

“ကျွန်တော်တို့ နားလည်ထားတာက စစ်ကောင်စီ ဖွင့်တဲ့ ကျောင်းတွေမှာ မတက်ဘဲနဲ့ ပြင်ပကျောင်းပညာကို ဘယ်လိုသင်ထားသင်ထား ပြည်သူ့အစိုးရ တက်လာတဲ့ အချိန်ကျရင် အရည်အချင်းစစ် စာမေးပွဲလိုဟာမျိုးကို ဝင်ဖြေ၊အောင်တဲ့ အတန်းမှာ ဝင်တက်လိုက်ရုံ ရှိတယ်လို့သိထားတယ်။ အဆင့်မြင့်ပညာတွေ သင်ကြားဖို့ NUG ပြောတဲ့နွေဦး တက္ကသိုလ်လို ဟာမျိုးတွေကို ဘယ်လိုတက်ရမယ် ဆိုတာလည်း လက်လှမ်း မမီကြဘူး။ ကျွန်တော်ကတော့နောက်ဆုံး အကြိမ်အထိ ဘာမှဖြစ်မလာခဲ့ရင် သေစာရှင်စာရေးတတ်ဖတ်တတ်ပြီး အသက်မွေးဝမ်းကျောင်း ပညာတစ်ခုကိုပဲ ဇောက်ချ သင်ပေးတော့မယ်လို့ စိတ်ကူးထားတယ်။ သူ့သားသမီးဖြစ်ရင် ကိုယ့်သားသမီးလည်း ဖြစ်စေချင်တာက မိဘတိုင်းရဲ့ ရင်ထဲကဆန္ဒလေဗျာ။ ကလေးတွေက အရွယ်နဲ့ မလိုက် အောင် အဆိုးအကောင်းသိနေကြတယ်”ဟု ကျောင်းသား မိဘတစ်ဦးကလည်း ပြောပါတယ်။

သူကဆက်လက်ပြီး “သား အရင်လို ကျောင်းပြန်တက်ချင်ပြီ။ ဘယ်တော့ ကျောင်း ပြန်တက်ရမှာလဲ၊ ဖွားစု ပြန်လာမှ တက်ရမှာလား” လို့ သားငယ်ရဲ့ မေးခွန်းထုတ်မှု အပေါ် အဖြေ မရှိခဲ့ဘူး လို့လည်း ပြောပြပါသေးတယ်။

လက်ရှိ နိုင်ငံရေး အခြေအနေကြောင့် ကျောင်းနေအရွယ် ကလေးငယ်တွေဟာ ဟိုမရောက် ဒီမရောက် ဘဝတွေနဲ့အချိန် တစ်ဖြည်းဖြည်း ကုန်ဆုံးလာရပါတယ်။

ကလေးငယ်တွေဟာ စစ်ကောင်စီရဲ့ ဂုဏ်သိက္ခာမရှိ ကျင့်ဝတ်ဖောက်ဖျက်တာတွေနဲ့ ပညာရေးသင်းကွပ် နေတာတွေကြောင့် နိုင်ငံရေးရဲ့ သားကောင်လည်း ဖြစ်ကြရတာပါ။

#စစ်ကောင်စီပညာရေး #အနာဂတ်ပန်းကလေးများ #NUGပညာရေး #သတင်းဆောင်းပါး #Ayeyarwaddy_Times