ဧရာဝတီတိုင်းမ်
(ဖြူး)၊ ဇွန်လ ၁၂ ရက်
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၊ ဘုရားလဟာကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် KNLA၊PDF ပူးပေါင်းတပ်ဖွဲ့တို့ ဇွန်လ ၁၀ ရက်နေ့ နေ့လယ် ၁၁ နာရီဝန်းကျင်က ထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဘုရားလဟာကျေးရွာ၌တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေး တပ်ဖွဲ့များသည် ဘုရားလဟာကျေးရွာနှင့် ငါးမြစ်ချင်းကျေးရွာကြားရှိ သစ်ပါတ်ချောင်း အနီးတွင် တစ်နေ့ကုန်နီးပါး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား လေးဦး သေဆုံးကာ အရာရှိ နှစ် ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
“ခြေလျင်တပ်ရင်း-ခလရ (၂၄၆) က ဗိုလ်ကြီးအဆင့် တစ်ယောက်ထိတယ်လို့ ကြားရတယ်။ စစ်ကောင်စီ ဘက်က လူနေအိမ်တွေထဲကို လက်နက်ကြီးနဲ့ပစ်ချတာ အိမ် လေး လုံးထိတယ်။ ဒေသခံထိခိုက်မှုတော့မသိရသေးဘူး။ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ဘေး ရှောင်အရေအတွက်က တော်တော်လေးများလာတယ်” ဟု တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရသည့် အရာရှိထဲတွင် ဗိုလ်မှူးတစ်ဦး ပါဝင်ပြီး ထိခိုက်ဒဏ်ရာပြင်းထန်သည်ဟု ဖြူးမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီတပ်သည် ဘုရားလဟာကျေးရွာရှိ စစ်ကောင်စီစခန်းမှနေ၍ ငါးမြစ်ချင်း ကျေးရွာအတွင်းသို့ ညက ၁၁ နာရီဝန်းကျင်အထိ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့၍ ငါးမြစ်ချင်းကျေးရွာမှ နေအိမ် လေး လုံးပျက်စီးခဲ့ရပြီး ပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းအတွင်း တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင်အတွင်းရှိ ဖြူး၊ ကညွတ်ကွင်း၊ ရေတာရှည်၊ ထန်းတပင်၊ ရွှေကျင်၊ မုန်း၊ ကျောက်ကြီး စသည့်မြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် KNLAပူးပေါင်းတပ်ဖွဲ့တို့ နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။
#ဖြူး #ကညွတ်ကွင်း #ဘုရားလဟာကျေးရွာ #စစ်ကောင်စီတပ်စခန်း #KNLA #ဖြူးပကဖ #တိုက်ပွဲ #လက်နက်ကြီးပစ်ခတ် #Ayeyarwaddy_Times