ဧရာ၀တီတိုင်းမ်
ဇွန်လ ၁၂ ရက်

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့တွင် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့၀င်များနှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့ ဇွန်လ ၁၁ ရက်နေ့က တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ပြီး ပြည်သူ့ရဲဘော်များလည်း ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

ယမန်နေ့ နံနက် ၈ နာရီခန့်မှစ၍ မိုးဗြဲမြို့ ပွဲကုန်း (၃) တွင် ၈ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၂၀ ဦးထက်မနည်းထိခိုက်သေဆုံးခဲ့ကာ အထိနာသဖြင့် တော်လှန်ရေး တပ်ဖွဲ့ များကို စစ်ကောင်စီတပ်မှ တာဝေးပစ် လက်နက်ကြီး အလုံး ၁၀၀ ထက်မနည်း ပစ်ကူခဲ့ရာ ပြည်သူ့ရဲဘော်များလည်း ထိခိုက်သေဆုံးမှုရှိကြောင်း မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် (MBPDF) ထံက သိရသည်။

“သူတို့(စစ်ကောင်စီ)ကို တစ်နေကုန်ချေမှုန်းတိုက်ခိုက်တော့ ကျွန်တော်တို့ဘက်ကို လက်နက်ကြီးတွေနဲ့ အဆမတန် ပစ်တာ။ ရဲဘော်တွေလည်းထိတယ်။ သူတို့ရှိ နေသရွေ့တော့ တိုက်ထုတ်သွားမှာ။ တိုက်ပွဲက ပြင်းထန်ဖို့ပဲရှိတယ်။ ညကစခန်း မရလိုက်ဘူး။ လက်နက်ကြီးပစ်ကူတွေက တအားပစ်ခတ်နေတော့” ဟု မိုးဗြဲ PDF တပ်ရင်းမှူးဗိုလ်ကျောက်ဆောင်က ဧရာ၀တီ တိုင်းမ်ကို ပြောသည်။

တိုက်ပွဲဖြစ်ပွားနေချိန်တွင် ဖယ်ခုံမြို့နှင့် လွိုင်ကော်မြို့ရှိ စစ်ကောင်စီတပ်နေရာလေးခုမှ လက်နက်ကြီးများဖြင့် ပစ်ကူပစ်ခတ်တိုက် ခိုက်ခဲ့သဖြင့် တော်လှန်ရေးတပ်ဖွဲ့၀င် ၄ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်းထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် စစ်ကောင်စီ စခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းမရှိကြောင်း ဗိုလ်ကျောက်ဆောင်၏ ပြောကြားချက်အရ သိရသည်။

အဆိုပါတိုက်ပွဲတွင် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်နှင့် အမှတ်(၁၀၀၁)၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF B-01)၊ ကရင်နီ အမျိုးသားကာကွယ်ရေးတပ်(KNDF B-03)နှင့် မြို့ပြတော်လှန်ရေးတပ်ဦး (URF)တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တိုက်ပွဲပွားဖြစ်ခဲ့သည့် မိုးဗြဲမြို့ ပွဲကုန်း (၃) နေရာတွင် စစ်ကောင်စီတပ်မှ အင်အား ၁၀၀ ကျော်ဖြင့် ၀င်ရောက်တပ်စွဲထားပြီး မိုးဗြဲမြို့ပေါ်တွင်လည်း အင်အား ၃၀၀ ထက်မနည်း တပ်စွဲထားသည်ဟု ဗိုလ်ကျောက်ဆောင်က ဆိုသည်။

မိုးဗြဲမြို့နယ်တွင် မေလ ၂၅ ရက်နေ့နောက်ပိုင်းမှစ၍ စစ်ကောင်စီတပ်နှင့် ကရင်နီ ပူးပေါင်းတပ်ဖွဲ့များ တိုက ပွဲပြင်းထန်နေပြီး ယနေ့ ဇွန်လ ၁၂ ရက်နေ့အထိ ကလေးငယ် သုံး ဦးအပါအ၀င် ဒေသခံ ၃၅ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG)ထံက သိရသည်။

ဓာတ်ပုံ-မိုးဗြဲတိုက်ပွဲတွင် စစ်ကောင်စီတပ်သားအချ်ို့ သေဆုံးနေသည့်ပုံ

#ကရင်နီပြည်နယ် #မိုးဗြဲမြို့ #တိုက်ပွဲဖြစ်ပွား #စစ်ကောင်စီတပ်သား၂၀ #သေဆုံး #လက်နက်ကြီးများဖြင့်ပစ်ကူ #Ayeyarwaddy_Times