ဧရာ၀တီတိုင်းမ်
ဇွန်လ ၁၂ ရက်

စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့မှ စတင်၍ ဆိုင်ကလုန်းမုန်တိုင်း မိုခါဘေးဒဏ်သင့် ရခိုင်ဒေသခံများကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးနေသည့် ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့ရေးအဖွဲ့ (WFP) အပါအဝင် နိုင်ငံတကာရှိ INGO များကို ရခိုင်ပြည်နယ်အတွင်း ခရီးသွားလာခွင့်ပိတ်ပင်လိုက်သည်။

စစ်ကောင်စီက ထိုသို့ တာဆီးပိတ်ဆို့မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျပ်အတည်း များအပါအဝင် ကူညီထောက်ပံ့မှု လုံလောက်စွာမရရှိသေးသည့် ရခိုင်ဒေသခံများ ကြုံတွေ့လာနိုင်သည့် အခက်အခဲများနှင့်ပတ်သက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် စစ်တွေဒေသခံတစ်ဦးကို ဧရာ၀တီတိုင်းမ် သတင်းဌာနက ဆက်သွယ် မေးမြန်းထားသည်။

ဧရာဝတီတိုင်းမ်။ ။ စစ်ကောင်စီက ယခုအချိန်အထိ ရခိုင်ပြည်နယ်ကို သဘာဝဘေး အန္တရာယ်ကျရောက် တဲ့ဒေသအဖြစ် သတ်မှတ်ထားတယ်။ အဲ့ဒီလို သက်မှတ်ထား ပေမယ့် အခုလိုကူညီရေးလုပ်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကိုခရီးသွားလာခွင့် ပိတ်လိုက်တဲ့အတွက်ကြောင့် ဒေသခံတွေ ဘယ်လောက်ထိအခက်အခဲဖြစ်သွားနိုင်လဲ။

စစ်တွေမြို့ခံတစ်ဦး။ ။မုန်တိုင်းကြောင့် ဒေသခံတွေအခက်အခဲဖြစ်နေတဲ့အတွက် လူတွေကသွားလာပြီး ကူညီကယ်ဆယ်တာတွေလုပ်ကြတယ်။ အဲ့ဒါကို ဘာအပြစ်မှ မရှိဘဲ ချက်ချင်းကြီးရပ်ပစ်လိုက်တဲ့အခါကျတော့ အထူးသဖြင့် ဒုက္ခဖြစ်နေတဲ့ ပြည်သူတွေက ဒုက္ခကိုထပ်ပြီးကြုံတွေ့ကြရသလို လက်ရှိလုပ်နေတဲ့ ကူညီမှုတွေ ပေးနေတဲ့ သူတွေမှာလည်းအခက်အခဲဖြစ်ရပါတယ်။ အချိန်ကုန်၊ ငွေကြေးကုန်တာ တွေအပြင် သူတို့တွေသည် သတ်မှတ်ထားတဲ့ plan အတိုင်း အလုပ်လုပ် နေကြတာ။ ကူညီနေကြရတာ။

ရခိုင်မှာ အခုထိက အရေးပေါ်ကာလဖြစ်နေတုန်းပဲ။ recoveryတို့ ပြန်လည် ထူထောင် ရေးတို့ ဘာမှမလုပ်နိုင်သေးတဲ့ အခြေအနေမျိုးမှာ ဒီလိုလုပ်လိုက်တဲ့အခါကျတော့ တော်တော်ဒုက္ခဖြစ်ကုန်တယ်။ WFP တို့လိုအဖွဲ့တွေ ဆိုရင် လူပေါင်း ရှစ်သိန်း(၈၀၀,၀၀၀) လောက်ကို ရိက္ခာပေးမှာပေါ့နော်။ တစ်လစာဆိုတော့ အဲဒီကဆန်ပေါ့။ ထမင်းစားဖို့။ အဲ့ဒီလို ရပ်ပစ်တဲ့အခါကျတော့ ဒီဘက်မှာလုပ်ရတဲ့အဖွဲ့တွေမှာလည်း အခက်အခဲ တွေ့ရ သလိုပါပဲ။ ပြည်သူတွေဘက်မှာဆိုရင် ပိုပြီးတော့ဆိုးရွားတဲ့ အခြေအနေနဲ့ ကြုံသွား ရတယ်။

ဧရာဝတီတိုင်းမ်။ ။ စစ်ကောင်စီဟာ ရက္ခိုင့်တပ်တော် (AA) နဲ့ တစ်ကျော့ပြန် တိုက်ပွဲဖြစ်နေတဲ့ ပြီးခဲ့တဲ့ နှစ်တုန်းကလည်း မြို့နယ် ၁၀ မြို့နယ်ကို ကုန်သယ်ဆောင်ခွင့်၊ လမ်းခရီးအသုံး ပြုခွင့်တွေပိတ်ခဲ့သေးတယ်။ အခုတစ်ခါပိတ်လိုက်တဲ့ ခရီးသွားလာခွင့်မှာ ဘယ်လောက်ထိနစ်နာမှုတွေဖြစ်လာနိုင်မလဲ။

စစ်တွေမြို့ဒေသခံတစ်ဦး။ ။ အခုဟာက လူထုတွေက မုန်တိုင်းသင့်နေတဲ့အခါကျတော့ စားဖို့အခက်အခဲတွေ နေထိုင်ဖို့အခက်အခဲတွေကြုံနေရတယ်။ အဲဒီလိုဖြစ်နေတာ။ တစ်ကျော့ပြန်တိုက်ပွဲဖြစ်တဲ့ကာလတုန်းကဆိုရင် လူထုတွေက ဒီလိုဘေးဒဏ်တစ်ခုခု သင့်နေတာမဟုတ်ဘူးပေါ့နော်။ ဒါက တိုက်ပွဲကြောင့်သာရှောင်ကြရတာပေါ့။ အခုဟာက မိုးရာသီဖြစ်ပြီး လူတွေခိုလှုံတဲ့နေရာကလည်း အခက်အခဲတွေဖြစ်နေတယ်။ သူတို့မှာ အမိုးအကာတွေကလည်းမလုံခြုံသေးဘူး။ မိုးကလည်းရွာနေတယ်။ အဲဒီလိုအခြေအနေ မျိုးကွာတယ်။ အဲဒီစာကတော့ (တိုက်ပွဲကာလ) ပယ်ဖျက်သွားပြီထင်တယ်။ အခုထုတ်တဲ့ စာက အဖွဲ့တွေက စစ်ကောင်စီဆီမှာ ခရီးသွားလာခွင့်(TA)တင်ရတယ်။ အဲဒါကို ခရီး သွားလာခွင့်မပြုတော့ဘူးလို့ အဖွဲ့တွေဆီဖုန်းဆက်တယ်။ စာပို့တယ်။ အဲဒါပါပဲ။

ဧရာတီတိုင်းမ်။ ။ ရခိုင်ပြည်နယ်မှာရှိတဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ‌ရော လွတ်လွတ်လပ်လပ်သွားလို့ရလား။

စစ်တွေမြို့ဒေသခံတစ်ဦး။ ။ ဒေသခံအရပ်ဖက်အဖွဲ့အစည်းကတော့ နဂိုကတည်းက ခရီးသွားလာခွင့် (TA ) မတင်ဘဲနဲ့သွားလာနေကြတာရှိတယ်။ အရပ်ဖက်အဖွဲ့အစည်း ကဒေသခံဖြစ်တဲ့အခါကျတော့ သူ့ဒေသအတွင်းမှာ ရှောရှောရှူရှူသွားလာလို့ရတယ်။ ဘာကြောင့်လဲဆိုရင် စစ်တွေကိုပဲပိတ်ထားတာ။ စစ်တွေကိုဗဟိုပြုပြီးတော့ စစ်တွေက ထွက်မယ့်ကုန်တွေရိက္ခာတွေ အဲဒါကိုပဲသူတို့ပိတ်ဆို့လို့ရတာပေါ့နော်။ အခြားမြို့က ထွက်တာတွေကို သူတို့ပိတ်ဆို့လို့မရဘူး။

ဘာကြောင့်လဲဆို စစ်ကောင်စီက စစ်တွေကိုပဲ control လုပ်နိုင်တာပေါ့။ ကျန်တဲ့နယ်ပယ် မှာဆိုရင် ရခိုင်အမျိုးသားအဖွဲ့ချုပ်( ULA/AA) ကပဲ ထိန်းချုပ်နိုင်တာပေါ့နော်။ ဒါပေမယ့် ဖြစ်တာကကုန်ပစ္စည်းတွေစီးဆင်းလာပြီဆိုရင် စစ်တွေကိုပဲမူတည်ပြီးတော့ စီးဆင်းတဲ့ အခါကျတော့ စစ်တွေကပဲ အဲဒီကုန်ပစ္စည်းတွေအခြားနေရာသွားမယ့်အခါကျတော့ အဲဒီမှာ ခရီးသွားလာခွင့်တွေက ဟန့်တားမှုတွေဖြစ်နေပြီဆို အဲဒီမှာပြဿနာ ကြုံကျ တာပေါ့။

ဧရာတီတိုင်းမ်။ ။အရပ်ဖက်အဖွဲ့အစည်းတွေ ဒီလိုကူညီလို့ စစ်ကောင်စီရဲ့ ဖမ်းဆီး စစ်ဆေးခြင်းခံရမယ့်အခြေအနေရောကြုံတွေ့နိုင်မလား။

စစ်တွေမြို့ဒေသခံတစ်ဦး။ ။ဖမ်းဆီးစစ်ဆေးတာတော့။ ပုံမှန်တော့ဖမ်းတယ်ဆိုတာထက် စစ်ဆေးမှုကတော့ ပုံမှန် လုပ်နေတာပဲ။ ဒီစစ်တွေကထွက်ပြီဆိုတာနဲ့ ကျောက်တန်းဂိတ် မှာလုပ်တယ်။ နောက်ပြီးတော့ ဆန်တင်ပြီးထွက်တဲ့ ကုန်သည်မော်တော်တွေဆိုရင်လည်း ဆေးရိုးကျတံတားနားအောက်မှာ ရေတပ်ကစစ်ဆေးတယ်။ နောက်ပြီးတော့ ကစ္စပနဒီ မြစ်ကျောမှာလည်း သူတို့တွေရှိတယ်။ ဒါက အစစ်ဆေး ပုံမှန်လုပ်နေတာပါပဲ။ ခရီးသွား ပြည်သူတွေကိုစစ်တာမျိုးတောင်ရှိတာပေါ့နော်။ စစ်ကောင်စီရဲ့ အဲဒီလို လုပ်ဆောင်မှု တွေကပုံမှန်ရှိနေပါတယ်။

ဧရာတီတိုင်းမ်။ ။ အရင်ကတည်းက ဆင်းရဲပြည်နယ်ဖြစ်တဲ့အပြင် သဘာဝဘေး လည်းဖြစ်တယ်။ အခုလိုအကူညီမရရှိရင် ရခိုင်ဒေသခံတွေဘဝက ဘယ်လောက်ထိ နစ်မြှုပ်သွားနိုင်မလဲ ရှေ့ဆက်ဘယ်လိုရပ်တည်မလဲ။

စစ်တွေမြို့ဒေသခံတစ်ဦး။ ။ကျွန်တော်ထင်ပါတယ်။ ပြည်သူတွေကတော့ကြားမှာ ဓားစာခံပါပဲ။ ပြည်သူကတော့ ကြားညှပ်တာပါပဲ။ စစ်ပွဲကြောင့်ဆိုလည်း ပြည်သူပဲ ဒုက္ခရောက်တယ်။ သဘာဝဘေးဒဏ်ဆိုရင် ပြည်သူပဲဒုက္ခရောက်တယ်။ အဲဒီတော့ အဲဒီလိုဒုက္ခရောက်ရတဲ့အထဲမှာမှ နဂိုကလည်း ဒုက္ခဖြစ်နေတဲ့အခါမှပိုပြီးတော့ ဆိုးတာ ပေါ့လေ။ ဘယ်လိုရှေ့ဆက်မလဲဆိုတော့ ညှိနှိုင်းဆွေးနွေးမှုပေါ့။ စစ်ကောင်စီကလည်း ငါတို့အာဏာရှိတယ် ဆိုပေမယ့်လို့ ပြည်သူရဲ့ မျက်နှာကိုတော့ရှေ့ရှုရမှာပေါ့။

တစ်ဖက်မှာလည်းဒါတွေက နိုင်ငံရေးလမ်းနဲ့ဆက်သွယ်နေသလားပေါ့။ ဥပမာ မိုင်းလား တွေ့ဆုံဆွေးနွေးပွဲတွေမှာ အဆင်မပြေခဲ့တဲ့အရာတွေပေါ့နော် ၊ ဒါမှမဟုတ်လည်း နိုင်ငံတကာတွေရဲ့ ဖိအားပေးမှုတွေများနေတာကို စစ်ကောင်စီက ငါတို့မှာလည်း ပါဝါရှိတယ်ဆိုပြီး အာဏာကိုသုံးတာပေါ့။ သူတို့အာဏာသုံးတာ တလွဲအာဏာ ဖြစ်တာပေါ့။ ပြည်သူတွေအတွက် ဒုက္ခရောက်မယ့်နည်းလမ်းဖြစ်နေတာပေါ့။ ပြောချင်တာကတော့ စစ်ကောင်စီအနေနဲ့လည်း လူသားစိတ်မွေးဖို့လိုတာပေါ့။

လူသားစိတ်မွေးတယ်ဆိုတာက ကိုယ့်ပြည်သူတွေအပေါ်မှာ လူသားချင်းစာနာမှု မွေးမြူဖို့ လိုတယ်လို့တော့ ပြောချင်တာပေါ့။ အဲဒီလိုစိတ်ဓာတ်မွေးမြူပြီးမှသွားမှဖြစ်မယ်။ တကယ်လို့ အဲဒီလိုစစ်ကောင်စီက မပြင်ဆင်ဘူးဆိုရင် စစ်ကောင်စီအပေါ်မှာလည်း ပြည်သူတွေအနေနဲ့လည်းပိုပြီးတော့မှ သူတို့စိတ်ဒဏ်ရာရပြီးတော့ အမုန်းတရားတွေ စစ်ကောင်စီအပေါ်မှာရှိတယ်။ အခုဆိုသိနေကြပြီလေ။ ဒီလိုလုပ်တယ်ဆိုပြီးတော့ စစ်ကောင်စီရဲ့လုပ်ရပ်က ဒီလိုပဲနေမှာပဲဆိုပြီးတော့ သိနေပြီ။ အဲဒီတော့ ဒီလိုဟာမျိုးဆို စစ်ကောင်စီ အပေါ်ပြည်သူတွေက အမုန်းတရားတွေပွားလာနိုင်တယ်။ ပြီးတော့ တစ်ဖက်ကတော့ ဒီကြားထဲမှာဆိုရင် တိုင်းရင်သားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (EAO) တွေကလည်းပြောသင့်တယ်။ EAO အနေနဲ့လည်း စစ်ကောင်စီကိုဒီလိုမျိုးတွေ မလုပ်ဖို့ ညှိနှိုင်းသင့်တယ်။ နိုင်ငံတကာအဖွဲ့တွေကလည်း ထိုနည်းလည်းကောင်းပဲ ညှိနှိုင်းသင့်တယ်။ လူသားချင်း စာနာထောက်ထား မှုအတွက်ပေါ့။

ဓာတ်ပုံ-ပေးပို့
ပုံစာ-မိုခါဆိုင်ကလုန်း မုန်တိုင်းဝင်ရောက်ပြီးနောက် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဒေသခံများအားတွေ့ရစဉ်

#ရခိုင်ပြည်နယ် #စစ်ကောင်စီ #မိုခါမုန်တိုင်းသင့်ဒေသခံ #WFP #ခရီးသွားလာခွင့် #အင်တာဗျူး #Ayeyarwaddy_Times