ဧရာ၀တီတိုင်းမ်
ဇွန်လ ၁၂ ရက်

တိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့သည့် စစ်ကောင်စီတပ် သားများကို ယမန်နေ့က ချောင်းသာကမ်းခြေနှင့် ငပလီကမ်းခြေသို့ အပန်းဖြေခရီး စေလွှတ်ခဲ့ကြောင်း စစ်ကောင်စီတပ်က ထုတ်ပြန်ထားသည်။

တိုက်ပွဲတွင် ထိခိုက်ဒဏ်ရာရရှိကာ ပြန်လည်ကောင်းမွန်လာသည့် စစ်ကောင်စီ တပ်သားများကို ဇွန်လ ၁၁ ရက်နေ့က အနားယူအပန်း ဖြေခရီးအဖြစ် ဧရာ၀တီတိုင်းရှိ ချောင်းသာကမ်းခြေနှင့် ရခိုင်ပြည်နယ်ရှိ ငပလီကမ်းခြေတို့သို့ စစ်တပ်လေယာဉ်၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“အခုလိုတစ်ခါမှ မပို့ဖူးဘူး။ ပို့တဲ့အစဉ်အလာလည်းမရှိဘူး။ တပ်တွင်း(စစ်ကောင်စီတပ်) မှာတော့ ပထမဆုံး အပန်းဖြေခရီးစဉ်လို့ပြောရမယ်။ ဒဏ်ရာရပြီး ပြန်ကောင်းလာတဲ့ ရဲဘော်(စစ်ကောင်စီတပ်သား)တွေကို လိုက်ပို့ပေးတာ။ တပ်သားတွေအနေနဲ့ အားတက် အောင်လို့လားမသိဘူး၊။ ရှေ့တန်းကစစ်သားတွေကို စိတ်ဓာတ်မြှင့်တင်ပေးတဲ့ သဘောပဲ” ဟု နေပြည်တော်ဌာနချုပ်နှင့် နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အပန်းဖြေခရီးရောက်ရှိလာသည့် တပ်သားများကို အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်နှင့် တာ၀န်ရှိသူတို့က ကြိုဆိုခဲ့ကြသည်ဟုဆိုသည်။

“အင်အား၂၀၀ လောက်ရှိတယ်၊ ခြေတုတပ်တဲ့လူတွေတောင်ပါတယ်။ သူတို့ ရှေ့တန်းမှာ ဘယ်လောက်ထိကျရှုံးနေလည်း ဆိုတာ သိသာတယ်”ဟု ချောင်သာကမ်းခြေရှိ ဒေသခံ တစ်ဦးက ဧရာ၀တီတိုင်းမ် ကိုပြောသည်။

ရှေ့တန်းတိုက်ပွဲများ၌ သေဆုံးမှုများပြားနေခြင်းကြောင့် စစ်ကောင်စီတပ်တွင်း၌ စည်း‌ရုံး ရေးပြယ်ပျက်နေပြီး တပ်သားသစ်စုဆောင်းရာတွင် အခက်အခဲများရှိလာ၍ ယခုကဲ့သို့ စိတ်ဓာတ်မြှင့်တင်ရေးနှင့် တပ်သားများကို စိတ်ဓာတ်ခွန်အားပေး လုပ်ဆောင်နေခြင်းဖြစ် ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

လက်ရှိ တပ်သားသစ်များကိုခေါ်ယူရာတွင် ၀င်ရောက်သူမရှိသလို ဗိုလ်လောင်းများကို ရာထူးတိုးကာ ဗိုလ်ကြီးများကို ယာယီတပ်ရင်း မှူးအဖြစ်ဆွဲခန့်၍ ရှေ့တန်းသို့ စေလွှတ် တိုက်ပွဲ၀င်နေရကြောင်း သိရသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်ချုပ်ဖြစ်လာပြီးနောက် တပ်ရင်း တစ်ရင်း၏ ဖွဲ့စည်းပုံကို စစ်သည်အင်အား ၈၅၇ ယောက်မှ အင်အား ၂၀၀ အထိလျှော့ချခဲ့သည်။ လက်ရှိ စစ်ကောင်စီတပ်၏ စစ်သည် အင်အားသည် တိုက်ခိုက်ရေးတပ်နှင့် လက်ရုံး တပ်များ ပေါင်းမှ နှစ်သိန်းနှစ်သောင်း (၂၂၀,၀၀၀) ကျော်ကနေ နှစ်သိန်းလေးသောင်း (၂၄၀,၀၀၀) ကြားတွင်သာရှိကြောင်း မေလ ၂၈ ရက်နေ့တွင် NUG ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် ပြည်သူ့ကာကွယ်ရေး ကဏ္ဍအခြေပြစာတမ်း၌ ထည့်သွင်းဖော်ပြထားသည်။

#စစ်ကောင်စီ #တပ်တွင်းစည်းရုံး #ချောင်းသာ #ငပလီ #အပန်းဖြေခရီးစဉ်#ပို့ဆောင် #Ayeyarwaddy_Times