ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ ဇွန်လ ၁၂ ရက်
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာက စစ်ဘေးရှောင် လူငယ်အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဇွန်လ ၁၁ ရက် မွန်းလွဲပိုင်းတွင် စစ်ဘေးရှောင် နေရင်း ကျန်းမာရေးမကောင်းသည့် မိခင်အတွက် အိမ်မှာ ဆေး ပြန်ယူစဥ် စစ်ကောင်စီတပ်ဖွဲ့များနှင့်တွေ့ပြီး ပစ်သတ်ခံရကြောင်း ဒေသခံများမှ ပြောသည်။
“သူက စစ်ဘေးရှောင်နေရင်းနဲ့ သူ့အမေနေမကောင်းလို့ အိမ်မှာ ဆေးပြန်ယူတာ။ သူ့အမေက အရင်ကတည်းက ကျန်းမာရေးချို့တဲ့သူပေါ့။သူ့အိမ်အနားမှာပဲ စစ်ကောင်စီတပ်နဲ့ တွေ့ ပြီး ပစ်သတ်ခံရတာ”ဟု ရငဲရွာက ဒေသခံအမျိုးသား တစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ပစ်သတ်ခံရသူဟာ အသက် ၂၃ နှစ်အရွယ် ရငဲရွာသားကိုဝေယံဟိန်းဖြစ်ပြီး သူ့ရဲ့ အလောင်းကိုတော့ မနေ့ကညနေပိုင်းမှာ မီးသင်္ဂြိုဟ်လိုက်တယ်လို့ ၎င်းမှ ဆက်လက်ပြောဆိုသည်။
သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတွေအကြား နှစ်ဖက် ထိတွေ့ ပစ်ခတ်မှုများ ဖြစ်ပေါ်နေပြီး တိုက်ပွဲများပြင်းထန်နေကြောင်းသိရသည်။
မနေ့က စစ်ကောင်စီတပ်က ရငဲရွာနှင့် ကနက်သီရိ ရွာရှိ နေအိမ် ၅ ဆောင်ခန့်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသ အချို့မှ ပြောသည်။
လက်ရှိ အချိန်တွင် သရက်ချောင်း မြို့နယ်အတွင်း
နှစ်ဖက်တိုက်ပွဲတွေကြောင့် ကနက်သီရိရွာနဲ့ ရငဲရွာအပါအဝင် ကျေးရွာ ၆ ခုလောက်က အိမ်ထောင်စု ၃ ထောင်ကျော် စစ်ဘေးရှောင်နေရကြောင်း ဒေသခံများထံမှသိရသည်။
ဓာတ်ပုံ- ပစ်သတ်ခံရသူ ကိုဝေယံဟိန်း
#သရက်ချောင်း #မိခင်အတွက် #နေအိမ်ဆေးပြန်ယူ #စစ်ဘေးရှောင်လူငယ် #စစ်ကောင်စီပစ်သတ်
#Ayeyarwaddy_Times