ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဇွန်လ ၁၂ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာ နှင့် ကနက်သီရိ ရွာရှိ ဒေသခံနေအိမ် ငါး လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး၍ တန်ဖိုးရှိပစ္စည်းများခိုးယူ နေကြောင်း ဒေသခံများ ထံကသိရသည်။

အဆိုပါ ကျေးရွာနှစ်ရွာ အတွင်းသို့ ရောက်ရှိနေသည့် စစ်ကောင်စီတပ်သားများသည် ယမန်နေ့ ဇွန်လ ၁၁ ရက် မွန်းလွဲ ၁ နာရီခန့်မှစ၍ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အခုက နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတော့ ရွာတွေထဲမှာ လူတွေ မရှိတော့ဘူး။ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်။ လူမရှိ တော့ သူတို့ စိတ်ကြိုက် ရွာကို မီးတင်ရှို့နေတာပေါ့။ ညနေ ၃ နာရီ လောက်အထိမီးတွေလောင်နေတာ” ဟု ဒေသခံအမျိုးသား တစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

စစ်ကောင်စီတပ်သားများသည် ရငဲရွာ နှင့် ကနက်သီရိရွာရှိ နေအိမ်များကို မီးရှို့သည့်အပြင် ကျေးရွာအတွင်းရှိ လူမရှိသည့် နေအိမ်များအတွင်းက တန်ဖိုးရှိ ပစ္စည်းများကိုလည်း ခိုးယူသွားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထို့အပြင် သရက်ချောင်းမြို့နယ် ဒေသတစ်ဝိုက်တွင် တိုက်ပွဲများ ပြင်းထန်ကာ နှစ်ဖက် ထိတွေ့ပစ်ခတ်မှုများအပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် အဆက်မပြတ် ရမ်းသန်းပစ်ခတ်မှုများလည်း ရှိကြောင်းသိရသည်။

တိုက်ပွဲများအပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုများကြောင့် ရငဲရွာ နှင့် ကနက်သီရိ ကျေးရွာများမှ ဒေသခံတစ်ရွာလုံးနီးပါး စစ်ဘေးရှောင်နေကြရပြီး လမ်းမလျှောက်နိုင်သည့် သက်ကြီးရွယ်အိုအနည်းစုသာ ကျေးရွာတွင် ကျန်ရှိကြောင်း သိရသည်။

တိုက်ပွဲများဖြစ်ပွားနေ၍ ဒေသခံများအနေဖြင့် သရက်ချောင်းမြို့နယ်အတွင်းရှိ မြိတ်-ထားဝယ်ကားလမ်းမကို ည ၉ နာရီမှ မနက် ၆ နာရီအတွင်း အသုံးပြု၊ သွားလာခြင်းများ မပြုလုပ်ရန် သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့က အသိပေး ထုတ်ပြန်ကြေညာထားသည်။

#ထားဝယ် #သရက်ချောင်းမြို့ #တိုက်ပွဲဖြစ် #လူနေအိမ်၅လုံး #စစ်ကောင်စီတပ် #မီးရှို့ဖျက်ဆီး #ခိုးယူ #Ayeyarwaddy_Times