ဧရာဝတီတိုင်းမ်
ရန်ကုန်၊ ဇွန်လ ၁၂ရက်

နေပြည်တော်အချုပ်ထောင်တွင် မတရားဖမ်းဆီးထောင်ချထားသည့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ၏ ဒုတိယဝန်ကြီးချုပ် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အပါအဝင် စစ်ဗိုလ်ချုပ်အချို့ သွားရောက်တွေ့ဆုံခဲ့ကြောင်း ဧရာဝတီတိုင်းမ် ကစုံစမ်းသိရသည်။

ဧရာဝတီတိုင်းမ် သတင်းဌာန၏ သတင်းရင်းမြစ်များပြောကြားချက်အရ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့သည် ၂၀၂၃ ခုနှစ် မေလ ၂၇ ရက်ကတစ်ကြိမ်၊ ၂၀၂၃ခုနှစ် ဇွန်လ ၄ ရက်နေ့က တစ်ကြိမ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်တွင် သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေးကိစ္စတွေမှာ ဝင်ကူဖို့တို့ အကြမ်းဖက်မှုတွေ ကို ရပ်တန့်ပေးဖို့တို့ သွားပြောတယ်လို့ သိရတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဘာမှပြန်မပြောဘူးလို့ သိရတယ်” ဟု ဧရာဝတီတိုင်းမ်၏ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင်များ သွားရောက်တွေ့ဆုံမှုသည် မကြာသေးခင်က NLD နာယက ဦးတင်ဦးကို သွားရောက်တွေ့ဆုံခဲ့သည့် သဘာဝတရားရိပ်သာ ဆရာတော်နှင့် ဆက်စပ်နိုင်ကြောင်း သုံးသပ်မှုများလည်းရှိသည်။

” ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးကအနားယူပြီး ပရဟိတအလုပ်တွေလုပ်ဖို့ ၊ လူသားအကျိုးပြုတွေ လုပ်ဖို့ဆိုတဲ့ သဘာဝတရားရိပ်သာ ဘုန်းကြီးရဲ့ အာဘော်တွေကိုကြည့်ရင် စစ်ခေါင်းဆောင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ဒီအတိုင်းပဲပြောပါလိမ့်မယ်။ သူတို့ပြောမရလို့ ဘာသာရေးဘက်က လူတွေကိုပါ သုံးလာတာလို့ သုံးသပ်တယ်” ဟု နိုင်ငံရေးသုံးသပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

နိုင်ငံရေး၊ စစ်ရေးနှင့် စီးပွါးရေးအပါအဝင် နယ်ပယ်စုံတွင် ကျရှုံးနေသည့် စစ်ကောင်စီသည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချရန် ကြိုးစားလာခြင်းဖြစ်သည်ဟု သုံးသပ်မှုများရှိသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံထားရကာ နေပြည်တော်အချုပ်ထောင်တွင် အကျဉ်းကျခံနေရဆဲဖြစ်သည်။

#ဒေါ်အောင်ဆန်းစုကြည် #ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် #ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် #ဦးခင်ဇော်ဦး #နေပြည်တော်အချုပ်ထောင် #Ayeyarwaddy_Times