နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန်လ ၁၂ ရက်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကြည်ရွာကျေးရွာတွင် တပ်စွဲအထိုင်ချထားသော အာဏာသိမ်း စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင် နှစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နောင်ရိုးအထူးပြောက်ကျားတပ်-NYSGF အဖွဲ့ထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသည် ကြည်ရွာမှ ဆီမီးခုံမြို့သို့ ဇွန်လ ၁၀ ရက်၊ နံနက် ၁၁ နာရီခွဲခန့်က ဆိုင်ကယ်ဖြင့် ကင်းလှည့်ထွက်လာစဉ် လမ်းခုလပ်၌ အသင့်စောင့်ကြို ခြုံခိုတိုက်ခိုက်ခဲ့ရာ အခင်းဖြစ်နေရာတွင် ထို နှစ်ဦးစလုံး သေဆုံးသွားကြောင်း သိရသည်။

“သူတို့က ကင်းပါတ်တဲ့ သဘောပေါ့ဗျာ။ နေ့တိုင်းနီးပါး ထွက်တယ်။ သေသွားသူတွေက သာမန် တပ်သားတဲ့ဗျ” ဟု နောင်ရိုးအထူးပြောက်ကျားတပ်မှ ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုသို့တိုက်ခိုက်ခံရသဖြင့် သေဆုံးသွားသော စစ်ကောင်စီတပ်ဖွဲ့ နှစ်ဦးထံမှ MA1 သေနတ် တစ်လက်၊ ၅.၅၆ ကျည် ၁၆ တောင့်နှင့် ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး တော်လှန်ရေးရဲဘော်များမှာ အထိအခိုက်မရှိ ဘေးကင်းလုံခြုံစွာဖြင့် ပြန်လည်ဆုတ်ခွါနိုင်ခဲ့ကြောင်း သိရသည်။

ထို့နောက် ယင်းနေ့ ညနေ ၆ နာရီခန့်တွင် ဆီမီးခုံမြို့နှင့် ကြည်ရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြစ်ရိုးတစ်လျှောက် ခြေရှုပ်ကာ မြစ်အနောက်ဘက် နဂါးပေါက်ရွာဘက်သို့ လက်နက်ကြီး နှစ်ချက် ပစ်ခတ်ခဲ့သော်လည်း ထိခိုက်မှုမရှိခဲ့ကြောင်း၊ လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့လက်အောက်ခံ ပျူစောထီးများ က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း နောင်ရိုးအထူးပြောက်ကျားတပ်မှ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

အဆိုပါစစ်ဆင်ရေးကို မြင်းခြံခရိုင် တပ်ရင်းအမှတ်(၆) တပ်ခွဲ(၁) နောင်ရိုးအထူးပြောက်ကျားတပ်-NYSGF မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် မြင်းခြံခရိုင်အတွင်း စစ်ရေးအရှိန် မြှင့်တင်သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ၎င်းတို့လက်အောက်ခံ ပျူစောထီးများနှင့် အနီးကပ်လိုက်ပါ နေထိုင်ခြင်များအား အထူးဆင်ခြင်ကြပါရန် ထိုအဖွဲ့က မေတ္တာရပ်ခံထားသည်။

ဓာတ်ပုံ – NYSGF

#မန္တလေး #မြင်းခြံ ကြည်ရွာ #ဆီမီးခုံ
#နောင်ရိုးအထူးပြောက်ကျားတပ်
# Ayeyarwaddy_Times