ဧရာဝတီတိုင်းမ်
ဇွန်လ ၁၁ ရက်
မြန်မာတစ်နိုင်ငံလုံး ဝိဇ္ဇာတွဲ ပထမဆုကို ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်အတွင်းက ဝင်ရောက် ဖြေဆိုခဲ့တဲ့ ကျောင်းသူက ပထမရရှိခဲ့တယ်လို့သိရပါတယ်။
ကျုံပျော်မြို့နယ်၊ တောက်တက်ရိုးကျေးရွာအထက်တန်းကျောင်းကနေ ၂၀၂၂-၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့တဲ့ မထိုက်သူလင်းဟာ ရမှတ် ၅၁၃ မှတ်နဲ့ ပထမရခဲ့တာဖြစ်တယ်လို့ ပညာရေးအသိုင်းဝိုင်းက သိရပါတယ်။
” ဒါကဘယ်လိုပဲပြောပြော သူတော်လို့ တကယ်ကြိုးစားလို့ရတာ၊ ဝိဇ္ဇာတွဲမှာ ဘာသာစုံဂုဏ်ထူး ရဖိုဆိုတာ သူတော်တော်ကျက်နိုင်မှရတာ၊ ဘယ်ခေတ်ကာလမှာပဲရရ ဒါက ဒီကလေးမလေးရဲ့ ကြိုးစားမှုပဲဖြစ်တယ်”လို့ ပညာရေးဝန်းထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဝိဇ္ဇာတွဲမှာ အမှတ်အများဆုံးနဲ့ ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်က မထိုက်သူလင်းက ပထမရရှိသလို အမှတ်အများဆုံး ၁၀ ဦးထဲမှာလည်း ဧရာဝတီတိုင်း အင်္ဂပူမြို့နယ်က ကျောင်းသားတစ်ဦးက အဆင့် ၄ နဲ့ ၉ တို့မှာ ထပ်မံပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သိပ္ပံတွဲမှာ ရမှတ် ၅၅၆ မှတ်နဲ့ မလှိုင်မြို့က မောင်ဟိန်းဝေယံထွန်းက ပထမရရှိပြီး ဝိပ္ပံတွဲမှာ ရမှတ် ၅၃၈ မှတ်နဲ့ သံဖြူဇရပ်မြို့နယ်က မောင်အော်ဇော်တို့က အမှတ်အများဆုံး ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၂- ၂၀၂၃ ပညာသင်နှစ်် စစ်ကောင်စီက ကျင်းပ ပြုလုပ်တဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာ အောင်ချက်များပြီး ဂုဏ်ထူးရသူများတာကြောင့် သတ်မှတ် အရည်အချင်းပြည့်မှီမှုနဲ့ မေးခွန်တွေအပေါ် ဝေဖန်မှုတွေရှိနေသလို စစ်ကောင်စီရဲ့ ညွှန်ကြားချက်နဲ့ အဖြေလွှာတွေ စိစစ်ချိန်မှာ စည်းမျဥ်းတွေ လျော့ပေးခဲ့တာကြောင့်ဖြစ်တယ်လို့ ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
#မြန်မာ #ဝိဇ္ဇာတွဲတွင် #ကျုံပျော်မြို့နယ် #ကျောင်းသူဘာသာစုံဂုဏ်ထူးနဲ့ပထမရရှိ #Ayeyarwaddy_Times