ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဇွန်လ ၁၁ ရက်)

ဇွန်လဟာ မတူကွဲပြားသော လိင်အမျိုးအစားနှစ်သက်သူ LGBTQ များအတွက် Pride Month အဖြစ် အထူး တလည် ကျင်းပတဲ့ လ ပဲဖြစ်ပါတယ်။

လိင်အမျိုးအစားတွေကို ခွဲပြရမယ်ဆိုရင် သာမန်ရိုးကျ ယောကျ်ားလေး၊ မိန်းကလေး တွေလို ဆန့်ကျင်ဘက် လိင်ကို စွဲလမ်းတတ်တဲ့ သဘာ၀တင် မကဘဲ LGBTQ လို့ခေါ်တဲ့ Gender လိင်မူကွဲတွေလည်းရှိကြပါတယ်။

လူမှု အဖွဲ့အစည်း အတွင်းမှာ LGBTQ ဆိုတဲ့

-Lesbians လိင်တူ အမျိုးသမီးချင်း စုံမက်ကြသူတွေ၊

-Gays လိင်တူ အမျိုးသား အချင်းချင်း စုံမက်ကြသူတွေ၊

-Bisexuals အမျိုးသမီးရော အမျိုးသားပါ လိင်ကွဲလိင်တူ နှစ်မျိုးလုံး စုံမက်ကြသူတွေ

-Transgenders ဆန့်ကျင်ဘက်လိင်အဖြစ်ကို ပြောင်းလဲခံယူကြသူတွေ

-Queers or (Non Binary ) အမျိုးသား ၊ အမျိုးသမီး မည်သည့်လိင်အမျိုးအစား ဖြစ်ကြောင်းမဖော်ထုတ်ကြသူတွေ ဆိုပြီး Gender အမျိုးအစားတွေ ခွဲထားကြပါတယ်။

ဆယ်ကျော်သက်အရွယ် အပြောင်းအလဲတွေကို LGBTQ လူငယ်များလည်း ကြုံတွေ့ ရင်ဆိုင် ခံစားရပါတယ်။

သူတို့တွေရဲ့ အများနဲ့မတူဘဲ ကွဲပြားခြားနားနေခြင်းကို ယဉ်ကျေးမှုအရ ဓလေ့ ထုံးစံများအရ ပိတ်ပင် တားဆီးမှုများ ၊ ဖိနှိပ်ချုပ်ချယ်မှုများကို လက်တွေ့မှာ ခံစား နေရပါတယ်။ သိသင့်သိထိုက်တဲ့ ကျန်းမာရေးအသိပညာများ မရရှိဘဲ အချို့ ဆယ်ကျော်သက် လူငယ်တွေရဲ့ ဘဝတွေဟာနစ်မွန်းရပါတယ်။

ကိုယ်ရေကိုယ်သွေးရှိတဲ့ အရည်အချင်းတွေကို မြေတောင်မြှောက်ခြင်းမခံရဘဲ LGBTQ gender များ ဆိုတဲ့ အနှိမ်ခံဘဝနဲ့ ဆက်ဆံခံရပြီး လူမှုအသိုင်းအဝန်းမှာ လူအခွင့်အရေးတွေ ဆုံးရှုံးရပါတယ်။

LGBTQ လူငယ်တွေဟာ Gender based violence ကျား/မ (လိင်)အခြေပြု အကြမ်းဖက်ခြင်းသော်လည်းကောင်း ၊ လူလူခြင်းခွဲခြားဆက်ဆံခံရခြင်း သော်လည်း ကောင်း ကြုံတွေ့ခံစားရတတ်ပါတယ်။

ဒါကြောင့် LGBTQ လူငယ်တွေကို တန်းတူဆက်ဆံပေးဖို့ လူ့အဖွဲ့အစည်းကို ပညာပေးဖို့အတွက် အလွန်ကို အရေးကြီးပါတယ်။ LGBTQ တွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေ‌မှုများကြောင့် လူငယ်ဘဝမှာတင် ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တဲ့ အဖြစ်အပျက်တွေအထိ အပြင်လောကမှာ ဖြစ်ပျက်နေကြပါတယ်။

လူငယ် LGBTQ တွေဟာ မိမိဖြစ်တည်မှုကို ကိုယ်တိုင်လက်မခံနိုင်ခြင်း၊ လျှို့ဝှက်နေရခြင်း ၊ ဆယ်ကျော်သက် လူပျိုအပျို အပြောင်းအလဲတွေကို ဆိုးရွားစွာ ရင်ဆိုင်နေရခြင်း ၊ မလိုချင်သော ကိုယ်ခန္ဓာကို မုန်းတီးရွံရှာခြင်းတွေလို အတွေးတွေက နှိပ်စက်လျက်ရှိပါတယ်။

ဒါကြောင့် စိတ်၏ကျန်းမာခြင်းကို ရရှိစေဖို့အတွက် အခက်အခဲများကို ကြံကြံခံ ရင်ဆိုင်နေရတဲ့ LGBTQ လူငယ်တွေကို စိတ်ခွန်အားပေးဖို့ လူသားဆန်မှုတွေနဲ့ မျှဝေပေးဖို့ အလွန်ကို လိုအပ်ပါတယ်။

-လိင်တူစုံမက်ကြသူတွေဖြစ်စေ

-လိင်တူလိင်ကွဲစုံမက်ကြသူတွေဖြစ်စေ

-လိင်ကွဲစုံမက်ကြသူတွေဖြစ်စေ

ဘယ်လိုသူတွေပဲ ဖြစ်ပါစေ မျိုးဆက်ပွား ကျန်းမာရေးကို သိနားလည်သဘောပေါက်ထားကြဖို့ အရေးကြီးပါတယ်။

HIV ခုခံကျကာလသားရောဂါပိုး ၊ STI လိင်မှ တစ်ဆင့်ကူးစက်သောရောဂါတွေလို ကာကွယ်နိုင်တဲ့ ရောဂါများကို စနစ်တကျ ကာကွယ်နိုင်ကြစေဖို့နဲ့ အန္တရာယ်ကင်းတဲ့ လိင်အမူအကျင့်တွေ ကို သိထားရပါမယ်။

ကွန်ဒုံး အသုံးပြုခြင်း ၊ ရောဂါကိုကြိုတင်စစ်ဆေးခြင်း ၊ ကြိုတင်ကာကွယ်ဆေးများ သောက်ခြင်းကဲ့သို့ ပြင်ဆင်ထားသင့်တာတွေကိုလည်း သိနားလည်ထားရပါမယ်။

ဒါဟာ ရှက်စရာ၊ စိုးရွံ့စရာ မဟုတ်ပါဘူး။ အားလုံးသိအောင် ဖြန့်ဝေပညာပေးပြီး ရောဂါဆိုးများကို တိုက်ဖျက်ဖို့ကသာ ဦးစားပေး အရေးကြီးတာ ဖြစ်ပါတယ်။

ဒါကြောင့် LGBTQ လူငယ်ပဲ ဖြစ်ဖြစ် ၊ သာမန်ရိုးကျ ကျား/မ ပဲဖြစ်ဖြစ် လူအချင်းချင်းတန်ဖိုးထားကြဖို့နဲ့ ကျန်းမာတဲ့ဘဝတွေကို ပိုင်ဆိုင်ကြဖို့ဆိုတာ အရေးကြီးဆုံး အချက်ပဲဖြစ်ပါတယ်။

လူငယ်တွေအနေနဲ့ လိင်ပိုင်းဆိုင်ရာမှာ မည်ကဲ့သို့သော ခံယူမှု ရှိသူဖြစ်စေ မိမိကိုယ်ကို တန်ဖိုးထားပါ။ တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်ပါ။ ကျန်းမာအောင်နေထိုင်ပါ။ လူသားချင်းမို့ ချစ်တဲ့စိတ်၊ လေးစားတဲ့စိတ်၊ ညှာတာတဲ့ စိတ်တွေနဲ့ ကြည့်ရှုပေးကြပါလို့ တိုက်တွန်းလိုပါတယ်။

မဝေးတော့တဲ့ကာလ ကောင်းမွန်တဲ့ ဖက်ဒရယ်နိုင်ငံတော်သစ်ဆီမှာ ကျန်းမာတဲ့ မျိုးဆက်သစ်များအဖြစ် တန်းတူညီမျှ အခွင့်အရေးတွေရပြီး လှပတဲ့ဘ၀တွေနဲ့ ရှေ့ဆက်နိုင်ကြစေဖို့ မေတ္တာမျှဝေ ဆုတောင်းလိုက်ပါတယ်။

နောက်တစ်ပါတ်မှာတော့ လိင်မှတစ်ဆင့် ကူးဆက်တတ်တဲ့ ရောဂါများထဲမှ အချို့ကို ထုတ်နှုတ်ပြီး အန္တရာယ်ကင်းသောလိင်အမူအကျင့် (Safe Sex Behavior’s ) တွေအကြောင်းကို ဆက်လက်ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာ ရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန်နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာနအနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများ ရယူနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။)

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း

#LGBTQလူငယ်များအတွက်ကျန်းမာရေး #ဆောင်းပါး #Ayeyarwaddy_Times