နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇွန်လ ၁၁ ရက်
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်ကာ ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဝင် ကိုဗန့်ကြီးရဲ့ အလောင်းကို ယနေ့ ဇွန်လ ၁၁ ရက်နေ့တွင် မီးသင်္ဂြိုဟ်၍ စျာပန အခမ်းအနားပြုလုပ်ပေးခဲ့ ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
ကိုဗန့်ဂျီသည် ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့က ဆားလင်းကြီးမြို့နယ် တစ်နေရာတွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ကိုဗန့်ဂျီကို ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ခဲ့သည်။
ထို့နောက် စစ်ကောင်စီတပ်သည် ဇွန်လ ၅ ရက်နေ့တွင် ကိုဗန့်ချီကို မုံရွာမြို့ရှိ စစ်ကောင်စီတပ် စစ်ကြောရေးစခန်းသို့ ခေါ်ဆောင်သွား၍ ရိုက်နှက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး မုံရွာအနောက်ဘက် လက်ပံတောင်းတောင်ဒေသရှိ ကျေးရွာများသို့လမ်းပြ အဖြစ်ခေါ်ဆောင်ကာ ညှင်းပမ်းနှိပ်စက်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များထံက သိရသည်။
“အလောင်းမှာမိုင်းထောင်ပြီး စွန့်ပစ်ခဲ့တာ၊ မိုင်းထောင်ထားတာကို သတိမပြုမိလို့ အလောင်းသွားကောက်တဲ့အချိန်မှာ မိုင်းပေါက်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးလည်း ဒဏ်ရာရသွားတယ်”ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
တော်လှန်ရေးတပ်ဖွဲ့ဝင်များက စစ်ကောင်စီတပ်ဖွဲ့များ စွန့်ပစ်ထားခဲ့သည့် ကိုဗန့်ဂျီ၏ ရုပ်အလောင်းကို ယနေ့ ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် မီးသင်္ဂြိုဟ်၍ ဈာပနအခမ်းအနား ပြုလုပ်ခဲ့သည်။
ကိုဗန့်ဂျီအား လမ်းပြအဖြစ်ခေါ်ဆောင်သွားစဥ် မိုးကြိုးပြင်မြောက်ရွာမှ ဒေသခံ ခုနစ် ဦးနှင့် မိုးကြိုးပြင်တောင်ရွာမှ ဒေသခံငါးဦးကို ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင် သိရပြီး ဖမ်းဆီးခေါ်ဆောင်ခံရသူများအနက် ဒေသခံငါးဦးမှာ မုံရွာမြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တွင် ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-ပေးပို့
ပုံစာ-တော်လှန်ရေး တပ်ဖွဲ့ဝင် ကိုဗန့်ဂျီအလောင်းအား မီသင်္ဂြိုဟ်စဉ်
#စစ်ကိုင်းတိုင်း #ဆားလင်းကြီးမြို့နယ် #စစ်ကောင်စီတပ် #ဖမ်းဆီးသတ်ဖြတ် #တော်လှန်ရေးတပ်ဖွဲ့ဝင်ကိုဗန့်ဂျီ #မီးသင်္ဂြိုဟ် #ဈာပန #Ayeyarwaddy_Times