ဧရာဝတီတိုင်းမ်
ပုသိမ်၊ ဇွန် ၁၁ ရက်
ဧရာ၀တီတိုင်းတွင်းရှိ မြို့အ၀င်ဂိတ်များတွင်စစ်ဆေးသည့် စစ်ကောင်စီစစ်ဆေးရေးဂိတ်များကို ဖျက်သိမ်းပြီးနောက် မြို့တွင်းလုံခြုံရေးကို ပိုမိုတင်းကျပ်လာပြီး ရှောင်တခင် ၀င်ရောက်စစ်ဆေး မှုများပြုလုပ်လာသည်ဟု ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် ဇွန် ၆ရက်နေ့က တိုင်းအတွင်းရှိ မြို့အ၀င်ဂိတ်များတွင် အထိုင်ချစစ်ဆေးမှုများကို ဖျက်သိမ်းသွားခဲ့ခြင်း ဖြစ်သည်။
“အရင်က လမ်းလေးဂွဆုံမှာ သဲအိတ်တွေ ဘယ်ရီဂိတ်တွေနဲ့ အထိုင်ချထားတာ ခုအကုန်လုံးပြန်သယ်သွားပြီ ရှေ့တန်းထွက်သွားပြီမှတ်တာ သူတို့ကအုပ်ချုပ်ရေးမှူးစီစဥ်ပေးတဲ့ အိမ်မှာ လက်နက်အပြည့်အစုံနဲ့ ချက်ပြုတ်စားပြီးနေကြတယ် အင်အားက ၁၅ဦးလောက်ရှိတယ်” ဟု ပုသိမ်မြို့ခံတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောပါတယ်။
စစ်ကောင်စီတပ်သားများနှင့် ရဲတပ်ဖွဲ့၀င်များသည် လှည့်ကင်းပတ်ခြင်းနှင့် ဧည့်စာရင်းစစ်ဆေး မှုများကို ပိုမိုပြုလုပ်လာကာ ဧရာ၀တီတိုင်းအတွင်းရှိ သစ်တောများအတွင်း စစ်ကြောင်းထိုး နေကြောင်း ဧရာ၀တီတိုင်းအတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တွေ၀င် အချို့ထံက သိရသည်။
“အင်အားနည်းတဲ့ပုံစံမျိုးနဲ့ ထောင်ချောက်ဆင် ဖမ်းဆီးတာတွေလုပ်မယ်လို့ ယူဆရတယ်။ညတိုင်း ဧည့်စာရင်းစစ်ပြီဆို စစ်သားတွေအများကြီးပဲတွေ့ရတယ် အကုန်လုံး သတိထားဖို့လိုတယ်”ဟု မြို့ပြပြောက်ကျား တပ်ဖွဲ့၀င်တစ်ဦးကဧရာ၀တီတိုင်မ်းကိုပြောသည်။
စစ်ဆေးရေးဂိတ်များ ပိတ်သိမ်းရာတွင် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအစပ်ရှိ ပန်တိုင်ဂိတ်၊ ရေနံမြေဂိတ်စသည်ဖြင့် အရေးပါသည့် နေရာများတွင်ပါ စစ်ဆေးမှု မလုပ်တော့ဘဲ လမ်းမကြီးများပေါ်တွင် လျပ်တစ်ပြက်စစ်ဆေးမှုများ ပြုလုပ်လာသည်ဟု ဧရာ၀တီတိုင်းအတွင်းပြေးဆွဲနေသည့် ယာဥ်မောင်းတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
“မြို့ဝင်မြို့ထွက်တွေမှာရှိတဲ့ စစ်ဆေးရေး ဂိတ်တွေကို စစ်ကောင်စီက ပြန်ရုပ်သိမ်းလိုက်လို အံသြနေတာ ခုကြတော့ ပြောက်ကျား စနစ်ပုံစံနဲ့ အဝေးပြေးလမ်းတလျှောက်မှာရှိတဲ့ ခြုံပုတ်ကြီးတွေ သစ်ပင်ကြီးကြီးတွေကနေ ထွက်ထွက်ပြီး အရပ်ဝတ်ဝတ်ထားပြီးသေနပ်တွေ ကိုင်ပြီး ခရီးသွားကားတွေနဲ့ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတာ” ဟု ခရီးသည်တင် ယာဥ်မောင်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဧရာ၀တီတိုင်းအတွင်းတွင် ယခင်က ဧည့်စာရင်းစစ်မှု နည်းသော်လည်း ဇွန်လဆန်းကစပြီး ရပ်ကွက်အလိုက် ဧည့်စာရင်း စစ်ဆေးမှုများကို ပိုမို ပြုလုပ်လာသည်။ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် (၂၆) မြို့နယ်တွင် စစ်ကောင်စီက မြိုခံများကို သတင်းပေးအဖြစ်မွေးမြူထားပြီး၄င်းတို့၏ သတင်းပေးချက်များဖြင့် ဖမ်းဆီးစစ်ဆေးမှုများကို ပြုလုပ်နေသည်။
ဓာတ်ပုံ-ပေးပို့ ဧရာဝတီတိုင်းတွင် စစ်ကောင်စီတပ်သားများ ဝင်ရောက်စစ်ဆေးနေပုံ(ပုံဟောင်းဖြစ်သည်)
#ဧရာ၀တီတိုင်း # မြို့၀င်ဂိတ်များကိုဖျက်သိမ်း #ပုသိမ် #ဧည့်စာရင်းစစ်
# Ayeyarwaddy_Times