ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဇွန်လ ၁၁ ရက်

ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)-တပ်ရင်း(၁) ထိန်းချုပ်ထားသော နယ်မြေဘက်သို့ စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့က စစ်ကြောင်းထိုးလာခြင်းကြောင့် မတူပီ-မင်းတပ်လမ်းရှိ ကျေးရွာပေါင်း ၆ ရွာမှ ဒေသခံ ၅၀၀ ကျော်ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ အဆိုပါစစ်ရှောင်များထဲမှ အသက် ၆၀ ကျော် အမျိူးသမီး တစ်ီဥးနှင့် အသက် ၇ ရက်သာ ရှိသေးသည့် ကလေးတစ်ီဥးတို့သည် နာမကျန်းဖြစ်ကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

မင်းတပ်မြို့နယ်ဘက်သို့ တိမ်းရှောင်လာသောမတူပီဒေသခံများကို မင်းတပ်မြို့နယ် စစ်ဘေးရှောင် ကူညီရေးစောင့်ရှောက်ရေး ကော်မတီက ဆန်အပါအဝင် အခြားလိုအပ်မှုများကို တတ်နိုင်သမျှ ကူညီထောက်ပံ့ပေးခဲ့သော်လည်း ဇွန်လ ၅ ရက်နေ့က အမျိုးသမီးတစ်ဦးနှင့် ဇွန်လ ၉ ရက်နေ့တွင် ရက်သားအရွယ် ကလေးငယ်တစ်ဦး နာမကျန်းဖြစ်ကာ အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

“ မိုးတွင်းကာလဆိုတော့ ငှက်ဖျားတွေ တော်တော်ဖြစ်လာတယ်။ ဆေးဝါးတွေ အရမ်းအခက်အခဲရှိတယ်။ ကျန်းမာရေးစောင့်ရှောက်မှုက CDF-မတူပီထိန်းချုပ်နယ်မြေထဲမှာ ကျန်းမာရေးဝန်ထမ်းလုံးဝမရှိတဲ့အတွက် CDF-မတူပီက သင်တန်းလုပ်ပေးထားတဲ့ အရံဆေးတပ်သားတွေကပဲ ကျန်းမာရေးစောင့်ရှောက်မှုတွေ အဓိကလုပ်ပေးတာပါ“ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ဂျွန်ကိမ်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိအချိန်ထိ နေအိမ်မပြန်နိုင်သေးသော ဒေသခံများသည် တောထဲတွင် အခက်အခဲမျိုးစုံရင်ဆိုင်ကြုံတွေ့နေရကြောင်းနှင့် မည်သည့်အကူအညီမှ မရသည့်အတွက် စားနပ်ရိက္ခာများ အပါအဝင် အမိုးအကာများလည်း လိုအပ်နေကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မတူပီ-မင်းတပ်အကြား ၈၄ မိုင်တဝိုက်တွင် လက်ရှိယာယီတပ်ချနေကြောင်းသိရပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ပြီးမှသာလျှင် ထွက်ပြေးတိမ်းရှောင်နေကြသော ဒေသခံများကို နေအိမ်ပြန်ခွင့်ပြုမည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)ထံက သိရသည်။

“ စစ်ကြောင်းကတော့ မတူပီကနေ ထိုးလာတာပါ။ သူတို့စစ်ကြောင်းက ဘယ်ကိုဦးတည်နေတာလည်းဆိုတာ မသိရသေးဘူး။ ဇွန်လ ၅ ရက်နေ့မှာတော့ တစ်ကြိမ်တော့ ထိတွေ့မှုဖြစ်တယ်။ နောက်ပိုင်းတော့ ထိတွေ့မှု မရှိသေးပါဘူး။ မတူပီကနေ စစ်ကြောင်းထိုးလာတဲ့ သတင်းကြားကြားချင်းဒေသခံတွေကို ကြိုတင်တိမ်းရှောင်ခိုင်းထားပါတယ်။ ဒေသခံတွေ ဘေးကင်းဖို့အတွက် နယ်မြေရှင်းလင်းမှုတွေ ပြုလုပ်ပြီးမှ ဒေသခံတွေကို နေရက်ပြန်ခွင့်ပြုမှာပါ” ဟု ဆလိုင်းနိုင်ဂျွန်ကိမ်းက ထပ်မံပြောကြားသည်။

အဆိုပါထိတွေ့မှုတွင် နှစ်ဖက်အကျအဆုံးမရှိကြောင်းသိရပြီး မိဘပြည်သူများအနေဖြင့် မင်းတပ်-မတူပီလမ်းကို အသုံးမပြုကြရန် ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)က အသိပေးထုတ်ပြန်ထားသည်။

ချင်းပြည်နယ်၊ ဟားခါး-ထန်တလန်အကြားတွင် ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ အကြား ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့မှ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး အဆိုပါတိုက်ပွဲနေရာသို့ စစ်ကူသွားလို့မရအောင် စစ်ကောင်စီတပ်က လာရောက်ဟန့်တားသည့်အနေဖြင့် စစ်ကြောင်း ထိုးလာခြင်းဖြစ်နိုင်ကြောင်း CDF-မတူပီက သုံးသပ်ပြောကြားသည်။

ဓာတ်ပုံ-အသက်ဆုံးရှုံးသွားသော ၇ ရက်သားအရွယ်ကလေးငယ်နှင့် တိမ်းရှောင်နေရသော မတူပီဒေသခံများ
#ချင်းပြည်နယ် #မတူပီ #ချင်းကာကွယ်ရေး #စစ်ကောင်စီ #ဒေသခံ #၇ရက်သားအရွယ် #အမျိုးသမီးတစ်ဦးသေဆုံး #အခက်အခဲမျိုးစုံကြုံတွေ့နေရ
#Ayeyarwaddy_Times