နွေဦးမောင်/ဧရာဝတီတိုင်းမ်
ဇွန်လ ၁၁ရက်
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းချထားသည့် ညောင်ပင်ကြီး ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့ဝင်များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ညောင်ပင်ကြီးကျေးရွာအုပ်စု တစ်ခုလုံးကို မီးတင်ရှို့၍ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်သည် ယမန်နေ့ ဇွန်လ ၁၀ရက်နေ့ကတည်းက ညောင်ပင်ကြီးကျေးရွာ အုပ်စုရှိ ထန်းတော၊ ရွာရှည် နှင့် နှင်းတောရွာ သုံးရွာကို မီးတင်ရှို့၍ အိမ်ခြေ ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
“အားလုံးကို စစ်ကောင်စီတပ်က မီးရှိုတာ။ အပြစ်မဲ့ ပြည်သူတွေနေတဲ့အိမ်တွေပဲ။ စစ်ကောင်စီ တပ်သားတွေက ရွာပတ်ပတ်လည်ကို ဝိုင်းပြီးမီးရှို့ပစ်တာ။ တော်လှန်ရေးနဲ့မသက်ဆိုင်တဲ့ အိမ်တွေကို ရှို့သွားတာ အိမ်ခြေ ၂၀၀ ကျော်တယ်။ ထန်းတော၊ ရွာရှည် နဲ့ နှင်းတောရွာ တွေက စစ်ကောင်စီတပ် ခဏခဏ စစ်ကြောင်းထိုးလာတိုင်း ထွက်ပြေးနေရတဲ့ရွာတွေ။ တချို့အိမ်တွေဆို ဒီကနေ့ နံနက်ပိုင်းအထိတောင် မီးမငြိမ်းသေးဘူး ” ဟု ဓားမဆိုင်းတပ်ရင်း (၂၈) တည်ထောင်သူ ဗိုလ်စွမ်းသူမောင်က ဧရာဝတီ တိုင်းမ် ကိုပြောသည်။
စစ်ကောင်စီတပ်သည် ညောင်ပင်ကြီးကျေးရွာအုပ်စုကို မီးရှို့ဖျက်ဆီးနေခြင်းကြောင့် ရွာပေါင်း ၂၈ ရွာမှာ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရပြီး စစ်ဘေးရှောင်နေ သည့် နေရာများကိုပါ လေယာဥ်ဖြင့် ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း ဗိုလ်စွမ်းသူမောင် ထံက သိရသည်။
လက်ပံတောင်းတောင်ရှိ စစ်ကောင်စီတပ်သည် ယနေ့ ဇွန်လ ၁၁ ရက်နေ့တွင် အင်အားဖြည့်တင်းမှုများ ထပ်မံပြုလုပ်နေပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အနီးပတ်ချာလည်ရှိ ကျေးရွာအုပ်စုများသို့ မကြာခဏစစ်ကြောင်း ထိုးဝင်ရောက်နေ၍ ဒေသခံများမှာ တိမ်းရှောင်နေကြရသည်။
ဓာတ်ပုံ-ပေးပို့
ပုံစာ- စစ်ကောင်စီတပ်က ညောင်ပင်ကြီးကျေးရွာအုပ်စုကို မီးတင်ရှို့၍ဖျက်ဆီး ထားသည့်ပုံများ
#စစ်ကိုင်းတိုင်း #ဆားလင်းကြီးမြို့နယ် #ညောင်ပင်ကြီးကျေးရွာအုပ်စု #စစ်ကောင်စီတပ် #မီးတင်ရှို့ #Ayeyarwaddy_Times