နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန်လ ၁၁ ရက်
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)အပါအဝင် ပြည်တွင်း၊ပြည်ပကူညီရေးအဖွဲ့များအား ခရီးသွားလာခွင့် ရပ်ဆိုင်းထားရန် ဇွန်လ ၇ ရက်တွင် စစ်ကောင်စီ၏ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ လက်မှတ်ဖြင့် ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်သင့်ပြည်သူများကို ကူညီပေးနေသည့် ပြည်တွင်း၊ပြည်ပအဖွဲ့များအား ခရီးသွားလာခွင့် ပိတ်ပင်လိုက်ခြင်းသည် ရက္ခိုင့်တပ်တော် (ULA/AA)၏ နိုင်ငံတကာအကူအညီများ တောင်းဆိုထားချက်ကို အသိ အမှတ်မပြုသည့်သဘော သက်ရောက်နေသည်ဟု ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက သုံးသပ်သည်။
“မိုင်းလားဆွေးနွေးပွဲ ပျက်သွားတာကလည်း တိုက်ဆိုင်တယ်။ ULA/AA နဲ့ မြန်မာ စစ်တပ်ကြားမှာ ငြိမ်းချမ်းရေး တည်ဆောက်ထားတာရှိတယ်။ လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးဆိုပြီး သုံးထားတယ်။ အဲဒါဟာ သူတို့နားလည်မှုနဲ့ တည်ဆောက်ထားတဲ့ အပစ်အခတ်ရပ်စဲရေးပဲ။ မိုင်းလား အစည်းအဝေးမှာလည်း ULA/AA ဘက်က နိုင်ငံတကာ အကူအညီတွေ အဲဒါတွေကို ဖွင့်ပေးဖို တောင်းဆိုခဲ့တာတွေရှိတယ်။ အဲဒီလိုတောင်းဆိုပြီး မကြာခင်မှာ ပြည်တွင်း ပြည်ပက အလှူရှင်တွေကို ပိတ်လိုက်တာဆိုတော့ ဒါသည် သူတို့တောင်းဆိုချက်ကို အသိအမှတ် မပြုဘူးဆိုတဲ့သဘော သက်ရောက်သွားတယ်” ဟု ရခိုင်ဝါရင့် နိုင်ငံရေးသမား ဦးဖေသန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တရုတ်အစိုးရ၏ ကြားဝင်ညှိနှိုင်းမှုအရ ဖြစ်ပေါ်လာသည့် စစ်ကောင်စီနှင့် မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့တို့၏ မိုင်းလားဆွေးနွေးပွဲ ပျက်ပြယ်ခဲ့ပြီးနောက် ရခိုင်ပြည်အတွင်း ထိုကဲ့သို့ ခရီးသွားလာခွင့် ပိတ်လိုက်ခြင်းဖြစ်သလို မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်-ကိုးကန့် (MNDAA)တပ်ဖွဲ့နှင့် လည်း တိုက်ပွဲဖြစ်ပွါးလျက်ရှိကြောင်း သိရသည်။
“စစ်ကောင်စီက ULA/AA နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူပြုတဲ့ အပစ် အခတ် ရပ်စဲရေးကိုလည်း ဖောက်ဖျက်ရာကျတယ်။ ဒါသည် တိုက်ပွဲတွေ ရပ်စဲထားတဲ့ ကိစ္စနဲ့လည်း ပတ်သက်နေတယ်။ နောက်ပိုင်းမှာ နိုင်ငံရေးဆွေးနွေးပွဲအထိ သွားနိုင် လိမ့်မယ်လို ကျွန်တော်တို ပြည်သူလူထုက မျှော်လင့်ထားတယ်။ အခုအဲဒီ အချက် နှစ်ချက်လုံးကို ဖောက်ဖျက်လိုက်တယ်။ ULA/AA ဘက်က ဘယ်လိုတုံ့ပြန်လာမလဲ။ နိုင်ငံတကာ ကတော့ ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်လာလိမ့်မယ်။ ပြည်တွင်းက ပြည်သူတွေကလည်း ဒီအစိုးရ(စစ်ကောင်စီ)ရဲ့ လုပ်ရပ်ကို နားမလည်နိုင်ဘူး။ ပြီးတော့ ခံပြင်းနေကြတယ်” ဟု ဦးဖေသန်းက ပြောသည်။
စစ်ကောင်စီ၏လုပ်ရပ်အပေါ် ရက္ခိုင့်တပ်တော်(ULA/AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က အမျိုးသားလိင်အင်္ဂါ၌ ခြင်ကိုက်ခံနေရသည့် အခြေအနေ မျိုးတွင် အင်အားသုံးလိုက်ပါက ပိုဆိုးမည်ဖြစ်သည်။ ထို့ကြောင့် စိတ်ရှည် သည်းခံ၍ နည်းပရိယာယ် ကြွယ်ဝစွာဖြင့် ခွန်အားများကို စုစည်းပြီး စည်းစည်းလုံးလုံး ဖြတ်ကျော်ကြမည်ဟု ၎င်း၏ တွစ်တာ (Twitter) စာမျက်နှာတွင် ဇွန်လ ၉ ရက်က ရေးသားခဲ့သည်။
“ဒီတော့ ULA/AA ကလည်း ပြည်သူတွေအတွက် အပစ်အခတ် ရပ်စဲထားတယ်ဆိုတဲ့ အတိုင်းအတာမှာ ပြည်သူတွေကို ဒီလိုဒုက္ခပေးပြီဆိုရင် သူ့ဘက်က ဘယ်လိုတုံ့ပြန်မလဲ။ နဂိုကတည်းက လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးလို့ သုံးထားပြီးတော့ အခုပြည်သူတွေ တအားဒုက္ခရောက်နေတဲ့အချိန်မှာ ULA/AA ကတော့ တိုက်ပွဲ ပြန်ဖော်ချင်မှာ မဟုတ်ဘူး။ အနည်းဆုံးတော့ ညှိနှိုင်းဆွေးနွေးပါလိမ့်မယ်။ မရတဲ့ အခါတော့ဒါဟာ တိုက်ပွဲကို ဖန်တီးဖို့အတွက် စစ်ကောင်စီရဲ့ လှုပ်ရှားမှုတစ်ရပ်၊ လုပ်ဆောင်မှုတစ်ရပ်လို့ မြင်ရတော့မှာဖြစ်ပါတယ်” ဟု ရခိုင်ဝါရင့် နိုင်ငံရေးသမား ဦးဖေသန်းက ဆိုသည်။
စစ်ကောင်စီက ခရီးသွားလာခွင့် ပိတ်လိုက်ခြင်းသည် ရခိုင်ပြည်သူလူထု နာလန် မထူနိုင်အောင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့တွင် ပါဝင်သည့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)မှ ဒုတိယ ဗိုလ်မှူးကြီး တားအိုက်ကျော်က ၎င်း၏ အမြင်သဘော ထားကို ပြောကြားသည်။
“အရင် နာဂစ်တုန်းကလည်း နိုင်ငံတကာအကူအညီတွေ ဝင်ရောက်လာဖို့ ကြိုးစားတာကို သူတို့(စစ်ကောင်စီ)ပိတ်ပင်တယ်။ အခုလည်း အဲ့ဒီသတင်းတွေ ထွက်လာတယ်။ ပြောရမယ်ဆိုရင်တော့ ဒုက္ခရောက်နေတဲ့ လူထုလိုအပ်ချက်တွေ၊ ဘဝတွေကို ပိတ်ပင်တာနဲ့ အတူတူပါပဲ။ လူထုဘဝ ပြန်လည်တည်ဆောက်ဖိုအတွက်၊ ပြန်လည် ထူထောင်ဖိုအတွက်ကို နာလန်မထူနိုင်အောင် ဆောင်ရွက်နေတဲ့ပုံစံလို့တော့ ကျွန်တော် တစ်ဦးတည်း တစ်ယောက်တည်းအနေနဲ့ မြင်မိတယ်” ဟု ဒုဗိုလ်မှူးကြီး တားအိုက်ကျော် က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရခိုင်ပြည်မြောက်ပိုင်းသို့ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းမိုခါသည် ပြီးခဲ့သည့် မေလ ၁၄ ရက်က ဝင်ရောက်တိုက်ခတ်သဖြင့် ရာနှင့်ချီ၍လူသေဆုံးရှိခဲ့ပြီး လူနေအိမ်များ၊ လယ်ယာမြေများ ပျက်စီးဆုံးရှုံးခဲ့သလို တိရစ္ဆာန်များစွာလည်း ထိခိုက်သေဆုံးခဲ့ရသည်။
“ဘယ်လောက်ထိ အတိုင်းအတာ ဖြစ်လာမလဲဆိုတာတော့ ခန့်မှန်းရတာခက်တယ်။ သေချာတာကတော့ နဂိုကတည်းကလည်း စစ်ကောင်စီဘက်က ရိက္ခာဖြတ် တောက်မှုတွေ၊ ကန့်သတ်မှုတွေက ဒီဟာကို အခွင့်ကောင်းယူပြီးမှ ဆောင်ရွက်သွား တယ်လို ကျွန်တော်တစ်ဦးတစ်ယောက်တည်းအနေနဲ့ သုံးသပ်ပါတယ်” ဟု TNLA ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ဆိုသည်။
စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီ (NSPNC) နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော် (AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်-ကိုးကန့် (MNDAA)တို့သည် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းလားမြို့တွင် ပြီးခဲ့သည့် ဇွန်လ ၁ ရက်မှစတင်၍ တွေ့ဆုံဆွေးနွေးခဲ့ပြီး တွေ့ဆုံဆွေးနွေးမှု ဒုတိယနေ့ ဇွန်လ ၂ ရက်နေ့တွင် ဆွေးနွေးပွဲပျက်ပြယ်ခဲ့သည်။
ဓာတ်ပုံ-UNOCHA
#ရခိုင်ပြည်နယ် #စစ်ကောင်စီ #ပြည်တွင်းပြည်ပအဖွဲ့များ #ခရီးသွားလာခွင့်ပိတ် #ရက္ခိုင့်တပ်တော် #နိုင်ငံတကာကကူညီမှု #Ayeyarwaddy_Times