ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ ဇွန်လ ၁၁ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွါးခဲ့သည့်အတွက် စစ်ကောင်စီတပ်မှ အရာရှိ တစ်ဦးအပါအဝင် ရှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ဇွန်လ ၈ ရက် နံနက် ၁၁း၃၀ မိနစ်ခန့်အချိန်က ကမြိုင်ကျေးရွာနှင့် ရငဲကျေးဘက်သို့ စစ်ကောင်စီတပ်အင်အား (၃၀)ခန့်ပါ ခြေလျှင်စစ်ကြောင်းကို PDF ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ ကြောင်း ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

“သူတို့ ဆင်းလာ မယ်ဆိုတာ သတင်းကို ကျနော်တို့ ကြိုပြီးသိထားတာပါ။ဒါကြောင့် ကျနော်တို့ ပူးပေါင်းအဖွဲ့က တပ်တွေကို အကုန်ဖြန့်ပြီး ပစ်တာပေါ့။စစ်ကောင်စီတပ်ဘက်က အထိအခိုက်ကျဆုံးမှုတော်တော်များတယ် “ ဟုတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

တိုက်ပွဲပြင်းထန်စွာဖြစ်ပွား၍ စစ်ကောင်စီ တပ်သားငါးဦးသေဆုံးခဲ့ကာ တပ်ပြန်ဆုတ်ခွာသွားသော စစ်ကောင်စီတပ် နှင့် PDF ပူးပေါင်းတပ်တို့ နှစ်ဖက်ထိတွေ့ပစ်ခတ်မှု ထပ်မံဖြစ်ပွားရာ ဗိုလ်ကြီး တစ်ဦးနှင့် တပ်သား နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ကနက်သီရိရွာ သို့ ဆုတ်ခွါ တပ်စွဲပြီးနောက် ဆေးကုသမှု ခံယူနေစဉ် သေဆုံး သွားခဲ့ကြောင်း သိရသည်။

သရက်ချောင်း မြို့နယ်အတွင်းတိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသောကြောင့် မင်းဒပ်၊ သီကုန်၊ ဝဲရစ်၊ ကမြိုင်၊ ရငဲ၊ ကျွဲမင်းကုန်း၊ ကျောက်ခမောက်နှင့် ကနက်သီရိရွာများရှိ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရသည်။

#ထားဝယ် #သရက်ချောင်း # PDF #တိုက်ပွဲဖြစ် #Ayeyarwaddy_Times