ဧရာဝတီတိုင်းမ်
(ကျောက်ကြီး)၊ ဇွန်လ ၁၁ ရက်

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီးမြို့၊ သိန်းတန်ရပ်ကွက်ရှိ ရွှေပေါက္ကံ အပိုင်း ၃ တွင်နေ ထိုင်သည့် အမျိုးသမီးတစ်ဦး စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး ဇွန်လ ၉ ရက်နေ့က သေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများ စခန်းချနေသည့်ဆင်မတောင်ပေါ်မှ ကျောက်ကြီးမြို့ပေါ်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ကျွဲကျောင်းနေသည့် အသက် ၅၈ နှစ်အရွယ် ကရင်အမျိုးသမီး ညားမလယ် ဆိုသူ လက်နက်ကြီးထိမှန်‌ သေဆုံးခဲ့ခြင်း ဖြစ်သည်။

” စစ်ကောင်စီရဲ့ထွေအုပ်ရုံးတွေ ဒရုန်းနဲ့တိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေစခန်းချထားတဲ့ ဆင်မတောင်ပေါ်ကနေ ‌နောက်ဆက်တွဲ လက်နက်ကြီးနဲ့ ပြန်ရမ်းပစ်တာကနေ ထိသွားတာ” ဟု ‌ကျောက်ကြီးမြို့ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုကဲ့သို့စစ်ကောင်စီမှ အရပ်သားများအားပစ်မှတ်ထားကာ လက်နက်ကြီးများဖြင့်ပစ်ခြင်း၊ လူနေအိမ်များကိုမီးရှို့ခြင်း၊ အရပ်သားများအားဖမ်းဆီးသတ်ဖြတ်ခြင်းများကြောင့် ဒေသခံများမှထိတ်လန့်ကျောက်ရွံနေကြသည့်အတွက် ရှုံ့ချဆန့်ကျင်ကြောင်းကိုလည်း ကျောက်ကြီးမြို့နယ်၊ ကရင်အရေးပေါ်ကယ်ဆယ်ရေးကော်မတီက သဘောထား ထုတ်ပြန်ထားသည်။

ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီမှထိုသို့အကြမ်းဖက်မှုများ ပြုလုပ်နေသည့်အတွက် ပြည်သူ တစ်သောင်းဝန်းကျင်မှာ နေရပ်စွန့်ခွာထွက်ပြေးနေရပြီး လယ်သမား ၈၀၂ ဦးမှာ လယ်မြေဧက ၄၁၃၅ ဧကအား လုပ်ကိုင်နိုင်ခြင်း မရှိတော့ကြောင်းလည်း ကရင်အရေးပေါ်ကယ်ဆယ်‌ရေးကော်မတီထံကသိရသည်။

#ကျောက်ကြီး #လက်နက်ကြီးထိမှန် #အရပ်သား #စစ်ကောင်စီ #Ayeyarwaddy_Times