ဟန်နွေသစ်
ဧရာဝတီတိုင်းမ်/ဇွန်လ ၁၀ ရက်

ထိုနေ့သည် မေလ ၁၄ ရက်နေ့ဖြစ်သည်။ အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း မိုခါဝင်ရောက်တိုက်ခတ်သောနေ့ဖြစ်သည်။ ထိုနေ့ကို ရခိုင်ကမ်းရိုးတန်းရှိ ဒေသခံပြည်သူများ ဘယ်သောအခါမျှ မေ့ကြမည်မဟုတ်ပေ။

ထိုသူများတွင် ပုဏ္ဏားကျွန်းမြို့နယ် တောဖျားကန်ချောင်း ကျေးရွာမှ ဒေသခံလယ်သမား ဦးဝင်းထွန်းလည်း အပါအဝင်ဖြစ်သည်။ ဦးဝင်းထွန်းတို့ မိသားစုလေးယောက်နေထိုင်ရာ သွပ်မိုးပျဉ်ကာအိမ်ကလေးပင်လျှင် အိမ်ဟုဆိုနိုင်ခြင်း မရှိတော့ဘဲ အိမ်၏ ရုပ်လုံး ပျောက်ကွယ်သွားပြီဖြစ်သည်။

“ရွာလုံးကျွတ်ဖြစ်သွားတာဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် မကူနိုင်ဘူး။ ကူညီ ဖေးမမယ့်သူမရှိဘူး ဖြစ်သွားတယ်”ဟု ဆိုလာသည့် ဦးဝင်းထွန်း၏ စကားသံက တိုးလျလွန်းနေသည်။

မိုခါမုန်တိုင်းဝင်ရောက်မည်ကို ရခိုင်ဒေသခံများကြိုတင်သိရှိကြသော်လည်း မုန်တိုင်း တိမ်းရှောင်ရန်အတွက် အာဏာပိုင်ဆိုသူများက တာဝန်ယူရွှေ့ပြောင်းပေးခြင်း မရှိပေ။ ကြီးမားသော သဘာဝဘေးဒဏ်မှ ရှောင်လွှဲနိုင်ရန် ရခိုင်ပြည်သူတို့မှာ ကိုယ်ထူကိုယ်ထ လုပ်ဆောင် ကြရသည်။ မုန်တိုင်းအန္တရာယ်ကို သိရှိသော်လည်း စစ်ကောင်စီကို လွန်ဆန်၍ သွားလာခွင့်မရှိသည့် ရိုဟင်ဂျာ စစ်ဘေးရှောင်စခန်းရှိ ဒုက္ခသည်များမှာ ထိခိုက်သေဆုံးမှု ပိုမိုများပြားခဲ့သည်။

မုန်တိုင်းကြောင့်အသက်ဆုံးရှံးရသူများတွင် ရခိုင်ပြည်နယ်ရှိ ဒေသခံများနှင့် စစ်ဘေးရှောင် စခန်းမှ ပြည်သူ ၄၀၀ ကျော်သေဆုံးကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးက မေလ ၁၆ ရက်နေ့တွင်ထုတ်ပြန်သည်။

စစ်ကောင်စီ၏ သတင်းကြေညာချက်တွင်မူ မုန်တိုင်းကြောင့် ပြည်သူ ၁၄၈ ဦး သေဆုံးခဲ့ပြီး ဒုက္ခသည်စခန်းများ၌ နေထိုင်သူ ၈၈ ဦးသေဆုံးခဲ့ကြောင်း ၎င်းတို့၏ ဝါဒဖြန့် မီဒီယာများမှတဆင့် ထုတ်ပြန်ခဲ့သည်။ ယင်းတို့အနက် စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းမှ ဒုက္ခသည် ၇၇ ဦး သေဆုံးကြောင်း ဆိုထားသည်။

“နဂိုကတည်းက စစ်မက်နဲ့နိုင်ငံရေးကြောင့် ၊ နှစ်စဉ်မုန်တိုင်းကြောင့် နာလန်မထူခဲ့တဲ့ တောင်သူတွေက မိုခါနဲ့အခုလို ထပ်တွေ့ရတယ်ဆိုတော့ ထပ်ဆင့်ဘေးဒုက္ခကြုံနေရတဲ့ အနေအထားပဲ” ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားများ သမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက ပြောသည်။

ရခိုင်ပြည်နယ်တွင် မိုခါ မုန်တိုင်းကြောင့် ထိခိုက်သေဆုံးမှု များစွားနှင့်အတူ လယ်ကွင်း ပတ်လည်ကို အရံအတားသဖွယ် စည်းခြားထားသည့် လယ် ကန်သင်းရိုးများကျော်၍ လယ်မြေများအတွင်းသို့ ဆားငန်ရေများဖုံးလွှမ်းခဲ့ရသည်။

ဆားငံရေ ဝင်ရောက်ခြင်းကြောင့် လယ်ယာမြေများ ပျက်စီးသွားပြီဖြစ်သည့်အပြင် အိမ်မွေးတိရိစ္ဆာန်နှင့် စိုက်ပျိုးရေးသုံး ကျွဲ၊ နွားများသည်လည်း မုန်တိုင်းနှင့်အတူ ကွယ်ပျောက်သွားလေပြီ။ သေဆုံးသွား ကြပြီဖြစ်သည်။

“အကုန်လုံးက မျက်ရည်ကလယ်နဲ့ပဲ၊ ငိုယုံလွဲပြီး ဘာမှမတတ်နိုင်ဘူး” ဟု တောဖျားကန်ချောင်းကျေးရွာသား ဦးဝင်းထွန်းက ဝမ်းနည်းစကားဆိုသည်။

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ငှက်ပျော ၆၀၅ ဧက၊ ကွမ်းသီးပင် ၁,၃၄၅ ဧက၊ ကွမ်းရွက်ပင် ၅၈ ဧက၊ ဓနိပင် ၂၃၁ ဧက ၊ ကြက်ပေါင်စေ ငါး ဧက အပါအဝင် သစ်သီးဥယျာဉ် ၁,၇၀၉ ဧက ပျက်စီးသွားကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက် အရသိရသည်။

ထို့အပြင်စိုက်ပျိုးရေး၊ မွေးမြူရေးတိရစ္ဆာန်များဖြစ်သည့် ကျွဲ ၄၂၀၆ ကောင်၊ နွား ၇,၅၉၃ ကောင်၊ ဝက် ၂,၂၈၃ ကောင်၊ ဆိတ် ၇၃၈ ကောင်အပါအဝင် ကြက် ၄၈၉,၂၀၅ ကောင် သေဆုံးခဲ့ကြောင်းသိရသည်။

“ဒီလူတွေက စိတ်ပိုင်းဆိုင်ရာကအစအကုန်ထိခိုက်သွားတဲ့ အခြေအနေမျိုးဖြစ်တယ်။ လယ်မှာ လုပ်ကိုင်နေတဲ့ ကျွဲ နွား တွေက အစအကုန်ထိခိုက်ကုန်ပြီဆိုတော့ လူ့ဘဝပျက်စီးသွားတဲ့သူတွေ အများကြီးရှိနေတယ်” ဟု ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောသည်။

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် လူနေအိမ် ၁၈၀,၀၀၀ (တစ်သိန်းရှစ်သောင်း) ကျော်၊ ဘာသာရေး အဆောက်အအုံ ၁,၇၀၀ (တစ်ထောင့်ခုနစ်ရာ) ကျော်၊ စာသင်ကျောင်း ၁,၃၀၀ (တစ်ထောင့်သုံးရာ)ကျော် ပျက်စီးခဲ့သည်။ တောင်သူလယ်သမားများ အဓိကအားထားရာ ကျွဲ၊ နွားများ သောင်းဂဏန်းအထက် သေဆုံးခဲ့ရသည်။

“ဒီအတိုင်းဆို အားလုံးက လယ်ယာမြေကို စွန့်လွှတ်ရမယ့်သဘော လယ်ယာလုပ်ငန်းကို စွန့်လွှတ်ရမယ့်အနေအထားရှိတယ်” ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမား များ သမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက ဆိုသည်။

မြန်မာနိုင်ငံသည် စက်မှုလယ်ယာထွန်းကားသော နိုင်ငံမဟုတ်၍ စိုက်ပျိုးရေးလုပ်ငန်း များတွင် တိရစ္ဆာန်နှင့် လူ့စွမ်းအားအရင်းအမြစ်တို့ကိုသာ အဓိကထား အသုံး ပြုနေရသည်။ ထိုအခက်အခဲများကြောင့် အာရကန် လယ်သမားတို့အတွက် လယ်ယာ လုပ်ငန်း ပြန်လည်စတင်နိုင်ရေးသည် ရှေ့ဆက်ရင်ဆိုင်ရမည့် ပုစ္ဆာတစ်ပုဒ် ဖြစ်လာသည်။

“စိုက်ပျိုးစီမံကိန်းနဲ့ ပတ်သက်လို့ အလုံးစုံပြင်ဆင်ထားသင့်ပြီလို့မြင်တယ်” ဟု ရခိုင် ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားများသမဂ္ဂ ဥက္ကဌ ဦးကျော်ဇံက ပြောသည်။

ရခိုင်ပြည်နယ်အတွင် လယ်ယာမြေ ဧက ဆယ်သိန်းလေးသောင်း (၁,၀၄၀,၀၀၀) စိုက်ပျိုးကြောင်း စစ်ကောင်စီ၏ စာရင်းအရသိရှိရပြီး ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူ လယ်သမားများ သမဂ္ဂစစ်တမ်းကောက်ယူရာတွင် အမှန်တကယ် စိုက်ပျိုးနိုင်သော အသားတင် စိုက်ပျိုးမြေဧက ၈၅၀,၀၀၀ (ရှစ်သိန်းခွဲ)ဝန်းကျင်သာရှိကြောင်းသိရသည်။

စီးပွားရေးကျပ်တည်းနေသည့် အာရကန်လယ်သမားများထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိ လာသည့် မိုခါကြောင့် မိုးရာသီတစ်ရာသီသာ လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်သော တောင်သူတို့အတွက် ရာသီချိန်လုပ်ငန်းစနိုင်ရန်အတွက် ကြီးမားသော အခက်ခဲများကြုံနေရသည်။ မိအေးနှစ်ခါ နာရသလို တစ်ပူပေါ် နှစ်ပူဆင့်ဖြစ်ရသည်။

“ ကျွန်တော်တို့ဆီမှာ မိုးစပါးစိုက်ဖို့က ရှင်းရှင်းပြောရရင် ၅၀ ရာခိုင်နှုန်းပဲသေချာတယ်” ဟု ဦးဝင်းထွန်းက ပြောသည်။

လက်ရှိတွင် စားဝတ်နေရေးကသာ အရေးကြီးဆုံးဖြစ်နေ၍ နေထိုင်စရာနေရာမရှိ၊ စားသောက်စရာမရှိသည့်ကာလတွင် စိုက်ပျိုးရေးကို လှည့်မကြည့်နိုင် သေးကြောင်း ဦးဝင်းထွန်းက ဆိုသည်။

“လူမှုစီးပွားရေးခက်ခဲတော့ လယ်ယာမှာ ရင်းနှီးမြှုပ်နှံမှုမလုပ်နိုင်တော့ဘူး။ လယ်ယာ မြေကိုရပ်နားလိုက်ရမယ့်သဘောရှိတယ်” ဟု တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံ က ပြောသည်။

ရခိုင်ပြည်နယ်ရှိ ဆားငန်ရေဝင်သွားသောလယ်ယာများ ပြန်လည်ပြုပြင်ရေး၊ မိုးစပါး၊ ဓာတ်မြေဩဇာ အပါအဝင် ထွန်ယက် စိုက်ပျိုးရန် စက်ပစ္စည်းများ လိုအပ်လျှက် ရှိသည့်အပြင် ယခုနှစ် မိုးရာသီအမီ လယ်ယာလုပ်ငန်းခွင်သို အချိန်မီ ဝင်ရောက်နိုင်ရန်အတွက် တောင်သူများကို ထောက်ပံ့ ပေးမှုများလိုအပ်လျှက် ရှိနေကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူ လယ်သမားသမဂ္ဂ ထံကသိရသည်။

စစ်ကောင်စီသည် သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် ရခိုင် ပြည်နယ်ရှိမြို့နယ် ၁၇ မြို့နယ်သတ်မှတ်ထားသော်လည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လွန်စွာအားနည်းလျှက်ရှိကြောင်း ရခိုင်ပြည်နယ်ရှိ ပရဟိတ အဖွဲ့အစည်းများနှင့် ဒေသခံများက ဆိုသည်။

ရခိုင်ပြည်နယ်အတွက် မြို့နယ် ၁၄ ခုတွင် စစ်တပ်ဗိုလ်ချုပ် ၁၄ ဦးကို ပြန်လည် ထူထောင်ရေးလုပ်ငန်းများလုပ်ဆောင်ရန် ချထားပေးခြင်းသည် ၎င်းတို့၏ လုပ်ဆောင် နိုင်စွမ်း မည်မျှရှိမည်ဆိုသည်ကို မေးခွန်းထုတ်စရာ ဖြစ်သည်။

သဘာဝဘေးစီမံခန့်ခွဲရာတွင် သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများကို အကူအညီများ လျင်မြန်စွာပေးနိုင်ရေးနှင့် လူမှုစီးပွားပြန်လည်ရပ်တည်နိုင်ရေးသည် အရေးကြီးဆုံးအချက်ဖြစ်သည်။

လက်ရှိစစ်ကောင်စီ၏လုပ်ဆောင်မှုတွင် လျှပ်စစ်ဓာတ်မီးတိုင်များပြုပြင်ခြင်း၊ စာတိုက် ပြင်ဆင်ခြင်း၊ စာသင်ကျောင်းများပြင်ဆင်ရန် ဟန်ပြဆောင်ရွက်ခြင်းနှင့် အားကစားရုံ ပျက်စီးမှုများကိုသာ ကြည့်ရှုခြင်းတို့ရှိခဲ့ပြီး ရခိုင်ဒေသခံများကို ထိတွေ့ ဆက်ဆံခြင်း မရှိပေ။

“ကျွန်တော်တို့အခုတွေ့တာ infrastructure ကိုပဲ စစ်ကောင်စီက အာရုံစိုက် လုပ်နေတယ်။ လယ်ယာမြေတောင်သူတွေနဲ့ပတ်သက်ပြီးတော့ သူတို့လုပ်မယ့် စီမံကိန်းထဲမှာ စဉ်းစားထားတာ၊ အစားထိုးလုပ်ဆောင်ပေးတာ၊ ပုံဖော်နေတာ မတွေ့ရသေးဘူး” ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားများ သမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက ပြောသည်။

စစ်ကောင်စီက မုန်တိုင်းဒဏ် အလူးအလဲခံခဲ့ရသည့် အာရကန်သား ဒေသခံများကို ထိတွေ့ဆက်ဆံခြင်းမရှိသည့်အပြင် ကုလသမဂ္ဂ အပါအဝင် ပြည်တွင်း၊ ပြည်ပ အရပ်ဘက်လူမှုကူညီရေးအဖွဲ့များအား ကူညီထောက်ပံ့ရေး သွားလာခွင့်ကို ပိတ်ပင်လိုက် ကြောင်း ဇွန်လ ၈ ရက်နေ့ ရက်စွဲဖြင့် ရခိုင်ပြည်နယ် စစ်ကောင်စီက ထုတ်ပြန် ကြေညာခဲ့ပြန်သည်။

ထိုသို့ ပိတ်ပင်ကြောင်း ထုတ်ပြန်ကြေညာချက်ကို စစ်ကောင်စီ၏ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ လက်မှတ်ထိုး၍ ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

မုန်တိုင်း တိုက်ခတ်ပြီးသည်မှာ သီတင်းပတ်သုံးပတ်မျှ ကြာလာပြီဖြစ်သော်လည်း ရခိုင်ပြည်သူများထံသို့ ထိရောက်သည့် ကူညီထောက်ပံ့ပေးမှုများ ယခုချိန်ထိ ရောက်ရှိခြင်း မရှိသေးပေ။

ပြန်လည်ထူတောင် ရေးလုပ်ငန်းများအပါအဝင် မိုးရာသီအမီ လယ်ယာ လုပ်ငန်းခွင်ပြန်လည် စတင်နိုင်ရေးအတွက် အခက်အခဲများစွာကို ကြုံနေရသည်။

စစ်ကောင်စီက ထိရောက်သည့် ကူညီမှုများ လုပ်ဆောင်ပေးခြင်း မရှိသော်လည်း မိုခါမုန်တိုင်းသင့်ဒေသများအား အမေရိကန်နိုင်ငံမှ ကန်ဒေါ်လာ ၁၇ သန်း နှစ်သိန်း၊ ဗြိတိန်အစိုးရမှ ကန်ဒေါ်လာ၂ ဒဿမ ၅ သန်းနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ယူရို ၂ ဒဿမ ၅ သန်းကူညီပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်များ အရ သိရသည်။

ထို့ပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ လူသားချင်းစာနာမှုအကူညီမှု အာဆီယံညှိနှိုင်း ရေးဌာန ( AHA Center) က ၁ ဒသမ ၆၅ သန်းတန်ဖိုးရှိသော ကူညီ ကယ်ဆယ်ရေးပစ္စည်းများပံ့ပိုးရာတွင် တတိယအသုတ်အဖြစ်ရောက်ရှိပြီ ဖြစ်ကြောင်း သိရ သည်။

အဆိုပါ အကူအညီများကို စစ်ကောင်စီကတဆင့် ဖြန့်ဖြူးပေးခြင်းသည် အချိန်ကြန့်ကြာ မှုကို ဖြစ်ပေါ်စေပြီး အကန့် အသတ်များစွာလည်း ရှိနေသည်။

“ စစ်ကောင်စီကိုအခြေခံပြီးတော့လာတဲ့ ထောက်ပံ့မှုက ဒီဘက်ကိုရောက်ဖို့ ထုံးစံ မရှိဘူး။ INGO၊ NGO တို့ကလာတဲ့ ထောက်ပံ့မှုအချို့သာ လူထုအဖွဲ့အစည်းတွေ ကနေစီးဆင်းတာရှိတယ်။ အခုချိန်မှာ ကန့်သတ်မှုတွေရှိတော့ တိုက်ရိုက်မရောက်ဘူး” ဟု ဦးကျော်ဇံက ပြောကြားသည်။

မုန်တိုင်းကြောင့် မျိုးစပါးတွေပျက်စီးသွားသည့် ရခိုင်ပြည်နယ်တွင် မျိုးစပါးလိုအပ် ချက်အများအပြားရှိနေပြီး လယ်သမားများ မိုးစပါး အချိန်မီစိုက်ပျိုးနိုင်ရန်အတွက် တခြားဒေသမှ မျိုးစပါးများကို မှာယူတင်သွင်းရမည် ဖြစ်သည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်သည် မျိုးစပါးအိတ်ရေ ၅,၀၀၀ ကို မိုခါမုန်တိုင်းသင့် ရခိုင်ပြည်နယ်က တောင်သူလယ်သမားများအတွက် လှူဒါန်းထားသော်လည်း စစ်ကောင် စီ၏ ပိတ်ပင်မှုကြောင့် ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် မျိုးစပါးများ ပိတ်မိနေကြောင်း ရခိုင် ဒေသတွင်းလူမှုအဖွဲ့အစည်းများထံက သိရသည်။

စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး စသည့်မြို့နယ်များတွင် စားသုံးရန်သိုလှောင်ထားသည့် ရိက္ခာစပါးနှင့် မျိုးစပါးများ ပျက်စီးဆုံးရှုံးသွားပြီဖြစ်သည်။

တိုင်းနှင့်ပြည်နယ်များထဲတွင် ဒုတိယအဆင်းရဲ ဆုံးဖြစ်သောရခိုင်ပြည်နယ်သည် ဘေးဒုက္ခပေါင်းစုံခံစားနေရသည်။ ဆင်းရဲမွဲတေမှု၊ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှု အပါအဝင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် AA တို့ကြား တိုက်ပွဲဖြစ်ပွားမှုနှင့် အတူ နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် နာလန်မထူနိုင်သည့်ရခိုင်ပြည်သူများ ယခုတစ်ခါ မိုခါမုန်တိုင်းကြောင့်ထပ်မံအထိနာရပြန်သည်။

ရခိုင်ပြည်နယ်တွင် လယ်ယာလုပ်ငန်းခွင်အတွက် သွင်းအားစုများ၏ ဈေးနှုန်းက မိုးထိနေသည်။ အဆိုပါကိစ္စရပ်အတွက် စစ်ကောင်စီက ဖြေရှင်းနိုင်ပါမည်လား ဆိုသည့် မေးခွန်းထက် ဖြေရှင်းပေးရန် စီစဉ်ထားခြင်း ရှိ/မရှိ ဟုသာ မေးခွန်းထုတ်ရ မည်ဖြစ်သည်။

“ရှေ့ဘာဖြစ်မလဲဆိုရင် ဆန်ဈေးက သေချာပေါက်ဈေးကြီးမှာပဲ” ဟု ပုဏ္ဏားကျွန်း မြို့နယ် တောဖျားကန်ချောင်း ကျေးရွာမှ လယ်သမား ဦးဝင်းထွန်းက ညည်းတွားသည်။

#ရခိုင်ပြည်နယ် #မိုခါဆိုင်ကလုန်းမုန်တိုင်း #အာရကန်လယ်သမားများဘဝ #နာလန်မထူနိုင် #သတင်းဆောင်းပါး #Ayeyarwaddy_Times