ဧရာဝတီတိုင်းမ်
(ကနီ)၊ ဇွန်လ ၁၀ ရက်နေ့
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ဆင် ၃၆ ဖြင့် CDMပြုလုပ်ထားသည့် ဆင်ဦးစီးမိသားစု ၃၃ စုအား ပြည်သူများမှ ထောက်ပံ့ကူညီသည့် ကျပ်ခုနှစ်ဆယ့်တစ်သိန်းငါးထောင် အား ကျောက်လုံးကြီးPDFအဖွဲ့မှတစ်ဆင့် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
စစ်ကောင်စီအာဏာသိမ်းပြီးကာလမှစတင်၍ ကနီမြို့နယ်သစ်တောဦးစီးဌာနမှ CDM ပြုလုပ်လာပြီး ဆင် ၃၆ ကောင်ကို ထိန်းသိမ်းစောင့်ရှောက်နေသည့် လူဦးရေ ၁၁၇ ဦးရှိသည့် ဆင်ဦးစီးမိသာစုများမှာ ကာလကြာလာသည့်အတွက် စားဝတ်နေရေးအခက်အခဲများ ကြုံတွေ့လာရကြောင်း သိရသည်။
“ဆင်ဦးစီးမိသားစုများဟာ စေတနာ့ဝန်ထမ်းသဘောမျိုးဖြစ်နေတဲ့အတွက် သူတို့စားဝတ်နေရေး အဆင်မပြေတာမျိုးကြုံတွေ့နေရတယ်။ ရိက္ခာလိုအပ်တာမျိုးတွေရှိနေတယ်။ ဆင်တွေ အတွက်က ဆေးဝါးလိုအပ်တာတွေရှိတယ်။” ဟု CDMဆင်ဦးစီးမိသားစုအား အကူအညီပေးနေသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
CDM ပြုလုပ်ထားသည့် ဆင်ဦးစီးမိသားစုများမှာ ဆင်များအား စေတနာ့ဝန်ထမ်းအနေဖြင့်ထိန်းသိမ်းခြင်းပြုလုပ်နေခြင်းဖြစ်ပြီး ၎င်းတို့နေထိုင်စားသောက်ရေးအတွက် သီးနှံများစိုက်ပျိုးရောင်းချခြင်းများလည်း ပြုလုပ်ကြောင်းလည်း သိရသည်။
“ကျွန်တော်သိသလောက်ကတော့ NUG ကနေထောက်ပံ့တာ နှစ်ခါရှိတယ်လို့သိရတယ်။ လွန်ခဲ့တဲ့ လေးလလောက်ကတော့တစ်ခါထောက်ပံ့တာ ရဖူးတယ်ပြောတယ်။အခု ဆင်ဦးစီး မိသားစုအတွက် NUG ကနေ ရန်ပုံငွေရှာပေးတာ မရသေးဘူးပြောတယ်ဗျ၊ တော်လှန် ဆင်ကလေးများ မိုမိုဆိုလား မဲရောင်းသေးတယ်။အဲ့တာ ဆင်ဦးစီး မိသားစု မရသေးဘူးလို့ ပြောတယ်ဗျ” ဟု အဆိုပါကူညီပေးနေသူက ထပ်မံပြောကြားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့်သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ CDM ဆင်ဦးစီးမိသားစုနှင့် ဆင်များအား စားဝတ်နေရေးအထောက်အပံ့နှင့် ဆင်အတွက်ဆေးဝါးများအား ကူညီထောက်ပံ့ခဲ့ကြောင်း ဇွန်လ ၃ ရက်နေ့ကထုတ်ပြန်ထားသော်လည်း မည်သည့်နေရာရှိ CDMဆင်ဦးစီးများဖြစ်ကြောင်းကိုတော့ ပြောဆိုထားခြင်းမရှိပေ။
ဆင်ဦးစီးမိသားစု ၃၃ စုအား ကျောက်လုံးကြီး KLG PDF မှ ထောက်ပံ့မှုများပေးအပ်ခဲ့သော်လည်းအိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂ သိန်းကျော်သာရရှိသည့်အတွက် ပြည်သူများအနေဖြင့် CDM ဆင်ဦးစီးမိသားစုများအား ကူညီပေးကြရန်လည်း KLG PDF က ပြောသည်။
ဓာတ်ပုံ – KLG PDF
#ကနီ #ဆင်ဦးစီး #CDM #Ayeyarwaddy_Times