ဧရာဝတီတိုင်းမ်
ဇွန်လ ၁၀ ရက်
အာဏာသိမ်းစစ်ကောင်စီလက်အောက်ရှိ ပြန်ကြားရေးဝန်ကြီးဌာနက Ayeyarwaddy Times (A Times) သတင်းဌာန၏ သတင်းအေဂျင်စီလုပ်ငန်းလိုင်စင်ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ (၈) ရက်နေ့မှစတင်၍ ပိတ်သိမ်းကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
Ayeyarwaddy Times သတင်းဌာနအနေဖြင့် ပြည်သူလူထုဘက်မှရပ်တည်ကာာ အာဏာသိမ်း စစ်ကောင်စီ၏ လူမဆန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပြည်သူလူထုအပေါ် အကြမ်းဖက်၊ မီးရှို့ ဖမ်းဆီးညှဉ်းဆဲ အကျဉ်းချသတ်ဖြတ်မှုများအား အစဉ်တစိုက် ရေးသားဖော်ပြခဲ့သည့်အတွက် စစ်ကောင်စီက မိမိတို့သတင်းဌာန၏ သတင်းမီဒီယာလုပ်ငန်းလိုင်စင်ကို ပိတ်သိမ်းခဲ့ခြင်း ဖြစ်သည်။
Ayeyarwaddy Times သတင်းဌာန၏ သတင်းအေဂျင်စီလုပ်ငန်းလိုင်စင်ကို စစ်ကောင်စီက ပိတ်သိမ်းခဲ့ သော်လည်း မိမိတို့အနေဖြင့် စစ်မှန်သော သတင်းမီဒီယာတို့၏သံဓိဌာန်အတိုင်း ပြည်သူလူထု ဘက်မှ ရပ်တည်၍ မြန်မာပြည်သူအများလိုလားတောင့်တသော စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးနှင့် လွပ်လပ်ခြင်း၊ တရားမျှတခြင်း၊ ငြိမ်းချမ်းခြင်းတို့ မြန်မာနိုင်ငံ၌ ထွန်းကားပေါ်ပေါက်စေရန် သတင်းမီဒီယာအခန်းကဏ္ဍမှ အစွမ်းကုန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။
အယ်ဒီတာအဖွဲ့
Ayeyarwaddy Times သတင်းဌာန