ဧရာဝတီတိုင်းမ်
ဇွန်လ ၁၀ ရက်

ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်းသည် ယနေ့ ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်မည်ဖြစ်သော်လည်း အစိမ်းရောင်သတိပေးချက်ဖြစ်သောကြောင့် အထူးစိုးရိမ်စရာမလိုကြောင်း မိုးလေဝသပညာရပ်ကိုလေ့လာနေသူ ဦးဝင်းနိုင်ထံက သိရသည်။

အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)၏ အရှိန်ကြောင့် ယနေ့နံနက်ပိုင်းမှ စတင်၍ ဇွန်လ ၁၁ ရက်နေ့အတွင်း ရက်နေ့အတွင်း ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ် ပြင်တို့တွင် လှိုင်းအမြင့် ၉ ပေမှ ၁၃ ပေခန့် အထိ ရှိနိုင်သည်ဟု စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဆိုထားသည်။

“ ကိုယ်နေတဲ့နေရာ အခြေအနေပေါ်မှာမူတည်ပြီးတော့ လူဦးရေထူထပ်မှုနဲ့ အိမ်ခြေတွေ ပျက်အစီးများပြီး အဲဒီအပျက်အစီးတွေကြောင့် ထိခိုက်နိုင်မယ့်အခြေအနေတွေက အနည်းအများကွာနိုင်ပါတယ်။ လုံးဝ မစိုးရရိမ်ဘူးတော့မဟုတ်ပါဘူး ” ဦးဝင်းနိုင်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါမုန်တိုင်း Tropical Cyclone THREE – 23 ဝင်ရောက်နိုင်မည့် ဧရိယာ ပတ်လည်အတွင်း လေတိုက်နှုန်းနှင့် ထိခိုက်နိုင်ခြေကိုတွက်ချက်ရာတွင် ထိခိုက်မှု နည်းနိုင်သဖြင့် အခြေအနေနိမ့် (low) အဆင့်သတ်မှတ်ထားကြောင်း သိရသည်။

မုန်တိုင်းရခိုင်ကမ်းရိုးတန်းကိုဖြတ်ကျော်ချိန်တွင် လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၄၀ နှုန်း ဖြင့်တိုက်ခတ်နိုင်ကာ မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသတစ်ခု လုံးတွင် မိုးသက်လေပြင်းများကျရောက်၍ မိုးသည်းထန်စွာရွာသွန်း မည်ဖြစ်ကြောင်း ဦးဝင်းနိုင်က ဆက်လက်ပြောကြားသည်။

အဆိုပါ အားကောင်းလေဖိအားနည်းရပ်ဝန်းကြောင့် ဇွန်လ ၉ ရက်မှ ၁၁ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာသွားမည်ဖြစ်ပြီး နေရာကွက်၍ မိုးကြီးခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း ရုတ်တရုတ်ရေကြီး ခြင်းနှင့်အတူ မြေပြိုခြင်းများဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင်နေထိုင်သူများ မြေပြိုအန္တရာယ်ကိုသတိထားရန်လိုအပ်ကြောင်း မိုးဇလ က သတိပေးထုတ်ပြန်ထား သည်။

ယင်းပြင်ရေကြီး၊ရေလျှံမှုများဖြစ်ပေါ်နိုင်သဖြင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်သူများကြိုတင် သတိထားရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။

ဓာတ်ပုံ – ဦးဝင်းနိုင်၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
#ဆိုင်ကလုန်းမုန်တိုင်း #ရခိုင်ကမ်းရိုးတန်း #အစိမ်းရောင်သတိပေးချက် #Ayeyarwaddy_Times