ဧရာဝတီတိုင်းမ်
နေပြည်တော် ၊ ဇွန် ၉ ရက်

လာမည့်ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီအနေဖြင့် ပြတ်ပြတ်သားသား အနိုင်ရအောင်လုပ်မည်ဟု ပါတီဥက္ကဋ္ဌဦးခင်ရီက ပြောသည်။

ဇွန် ၈ ရက်နေ့က နေပြည်တော်တွင်ကျင်းပပြု လုပ်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တည်ထောင်ခြင်း ၁၃ နှစ်ပြည့် အခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အငြိမ်းစားစစ်ဗိုလ်ချုပ်များဖြင့် ဖွဲ့စည်းထားသည့် USDP ပါတီသည် ပြီးခဲ့ ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကို အပြတ်အသတ်ရှုံး‌နိမ့်ခဲ့ပြီးနောက် မဲစာရင်းများစစ်ဆေးပေးရန် တောင်းဆိုခဲ့သည်။ ထို့နောက်စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ပါတီကို ပြင်ဆင်ဖွဲ့စည်းရာတွင် ဦးသန်းရွှေအစိုးရလက်ထက်က ရဲချုပ်လုပ်ခဲ့သည့် ဦးခင်ရီက ဥက္ကဌ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်မှ မဲမသမာမှုများရှိသည်ဟုဆိုကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် နိုင်ငံတော်ကို အာဏာသိမ်းယူခဲ့ပြီး ရွေးကောက်ပွဲပြန်လည်ကျင်းပ ရန်ပြင်ဆင်နေပြီး ပါတီများကို ပြန်လည်၍ မှတ်ပုံ တင်ရန်ကြေညာခဲ့ပြီးနောက် စစ်ကောင်စီလက် အောက်ခံရွေးကောက်ပွဲကော်မရှင်မှ USDP ပါတီကို ၂၀၂၃ ခုနှစ် ဧပြီလက ပထမဦးဆုံးအဖြစ် ပါတီတည်‌ထောင်ခွင့် မှတ်ပုံတင်ချ‌ပေးခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ပါတီ မှတ်ပုံတင်ပြန်လည်လျှောက်ထားခြင်း မရှိသည့် နိုင်ငံ ရေးပါတီ NLD နှင့် ရှမ်းတိုင်ရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) အပါအဝင် ပါတီ ၄၀ ကျော် ကိုဖျက်သိမ်းခဲ့ပြီး ပါတီသစ်တည်ထောင်လိုသူများအနေဖြင့် ဆက်လက် လျှောက်ထားနိုင်ကြောင်း UEC မှ မတ်လ ၂၈ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် USDP ပါတီသည် တိုင်းနှင့် ပြည်နယ်များရှိ မြို့ နယ်အသီးသီးတွင် တွင်တွင်ကျယ်ကျယ် ပါတီလှုပ် ရှားမှုများပြုလုပ်နေပြီးပါတီခေါင်းဆောင်များ၏ စည်းရုံးရေးခရီးစဉ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးယူပေးထားသည်။

ဦးခင်ရီသည် ရဲချုပ်အဖြစ် အာဏာရှင်ဟောင်းဦးသန်းရွှေလက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ဦးသိန်းစိန်လက်ထက်တွင် လဝက ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၂၀၂၁ စစ်တပ်အာဏာသိမ်းသည့်အခါ စစ်ကောင်စီအောက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ယူကာ ကြံ့ခိုင်ရေးပါတီဥက္ကဌအဖြစ်တာဝန်ယူရန် ဝန်ကြီးဘဝက အနားယူခဲ့သူဖြစ်သည်။

ဦးခင်ရီသည် စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ကူညီရန်နှင့် မင်းအောင်လှိုင်သဘောကျ လုပ်ဆောင်ပေးသူဖြစ်သည့်အတွက် ပါတီဥက္ကဌ ဖြစ်လာကြောင်း နိုင်ငံရေးသုံးသပ်သူများက ဆိုသည်။ ၄င်းသည် ကြံ့ခိုင်ရေးပါတီ ၏ လေးဆက်မြောက် ဥက္ကဌဖြစ်ကာ သူ့အရှေ့တွင် ဦးသိန်းစိန်၊ သူရဦးရွှေမန်း နှင့် ဦးသန်းဌေးတို့က ဥက္ကဌ အဖြစ် တာဝန်ယူခဲ့သည်။

#USDP #ပါတီ #ရွေးကောက်ပွဲ #ဦးခင်ရီ
#Ayeyarwaddy_Times