စီဒီအမ် ဆရာဝန်တစ်ဦး
ဧရာ၀တီတိုင်းမ်၊ ဇွန်လ ၉ ရက်
ရာသီတုပ်ကွေးဆိုတာက အဖြစ်များပြီး ကူးစက်လွယ်တဲ့ရောဂါဖြစ်ပါတယ်။ ဗိုင်းရပ်ပိုး ပါဝင်နေတဲ့ လေထဲမှ အမှုန်အမွှားတွေကို ထိတွေ့ ရှုရှိုက်မိတဲ့အခါ ကူးစက် ပျံ့နှံ့ပါတယ်။ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ ရောဂါထဲမှာ ပါပါတယ်။ အချိန်အခါရာသီ အလိုက် ကူးစက်ရောဂါအသွင် ဖြစ်ပွားတတ်ပါတယ်။
ရာသီတုပ်ကွေးဖြစ်ပြီဆိုရင် ရုတ်တရက် ကိုယ်ပူလာပြီးဖျားပါတယ်။ ပုံမှန်တုပ်ကွေး ရောဂါဆိုပေမယ့် မပေါ့ဆသင့်ပါဘူး။ အဆုတ်အပါအဝင် အသက်ရှူအင်္ဂါတွေ ထိခိုက် ပျက်စီးလို့နှစ်စဉ်နှစ်တိုင်း အသေအပျောက်ရှိတဲ့ရောဂါဖြစ်ပါတယ်။ မွေးကင်းစ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ ရောဂါကူးစက်လျှင်စိုးရိမ်ရပါတယ်။ အရွယ် ရောက်တုပ်ကွေးမိ ဖျားနာတဲ့အခါ ကိုက်ခဲနာကျင် အားအင်ချိနဲ့ ပင်ပန်းတာတွေကြောင့် အလုပ်မှအနားယူရတာ၊ ကျောင်းမှ အနားယူရတာတွေကြုံရပါမယ်။
#ရောဂါလက္ခဏာ
-တုပ်ကွေးမိတဲ့အခါ ရောဂါလက္ခဏာပေါင်းစုံနဲ့လာတတ်ပါတယ်။
-ဖျားခြင်းသို့မဟုတ်ကိုယ်ပူခြင်း
-လည်ချောင်းယားခြင်း လည်ချောင်းနာခြင်း
-တစ်ကိုယ်လုံးကြွက်သားများနာကျင်ကိုက်ခဲခြင်း
-မျက်ရိုးကိုက်ခြင်းခေါင်းကိုက်ခြင်း
-နှာစေးနှာရည်ယိုခြင်း
-မောပန်းလွယ်ခြင်းအားနည်းခြင်း
-ချောင်းဆိုးခြင်း သလိပ်ထွက်ခြင်း
-ရင်တုန်ခြင်း
-မျက်စိနီခြင်းမျက်ရည်ပူကျခြင်း တွေကို ခံစားရပါတယ်။
တုပ်ကွေးရောဂါကူးစက်သွားပြီဆိုပါက လေးရက်အတွင်းရောဂါလက္ခဏာပြပါမယ်။ ဒါကြောင့် ရောဂါလက္ခဏာမပေါ်သေးမီမှာကတည်းက အချင်းချင်း ကူးစက်တတ် ကြောင်း သတိထားပြီး တုပ်ကွေးရာသီမှာ ကျန်းမာရေးဂရုပြုနေထိုင်ရပါမယ်။
#အသက်ရှုလမ်းကြောင်းဆိုင်ရာပြသနာများ
ရာသီတုပ်ကွေးကြောင့်ချောင်းဆိုးတဲ့အခါ အသက်ရှူလမ်းကြောင်း တစ်ခုလုံး နာကျင် တတ်ပါတယ်။ ရင်ခေါင်းနာကျင်တာ ၊ လည်ချောင်းဆိုးဆိုးရွားရွားနာကျင်တာ၊ ဗက်တီး ရီးယားပိုးဝင်ပြီးသလိပ်တွေထွက်လာတာ အဆုတ်ရောင်တာတွေအထိခံစား ရနိုင် ပါတယ်။ ရင်ဘတ်အောင့်ခြင်း၊ မောပန်းခြင်း ၊ အသက်ရှူမဝဖြစ်ခြင်း တွေကိုခံစား ရနိုင်ပါတယ်။
#ဖျားခြင်း
စစချင်း ကိုယ်ငွေ့ဖျား ခပ်နွေးနွေး ( 100°F ) ဖြစ်နိုင်သော်လည်း တဖြေးဖြေး အဖျား ကြီးလာနိုင်ပါတယ်။ ( 104°F) ။ ချမ်းတုန်တာမျိုးတွေလည်းဖြစ်တယ်။
#လည်ချောင်းနာခြင်း
အဖျားဝင်ပြီး ၃ ရက်မှ ၅ ရက်အတွင်း လည်ချောင်းယားဖြစ်တတ်ပါတယ်။ သလိပ် မထွက်ဘဲ ချောင်းခြောက်ဆိုးခြင်းနဲ့ လည်းချောင်းနာခြင်းတွေ ဆက်ဖြစ်လာတတ်ပါတယ်။ ဆေးကု ၊ ဆေးသောက်ဖို့ လိုအပ်ပါတယ်။
#တစ်ကိုယ်လုံးကြွက်သားများနာကျင်ကိုက်ခဲခြင်း
မျက်ရိုးကိုက်ခြင်းခေါင်းကိုက်ခြင်းတွေက ခံရခက်တဲ့ တုပ်ကွေးမိ လက္ခဏာ တွေပါ။ အလင်းရောင်ကြောက်ခြင်း၊ မျက်စိပူခြင်း၊ မျက်ခမ်းစပ်အတွင်း နာကျင်ခြင်းတွေပါ ခံစားရတတ်ပါတယ်။
တုပ်ကွေးမိပြီဆိုရင် အားနည်းပင်ပန်းတာကြောင့် နေ့စဉ်အလုပ်များမလုပ်ဘဲ အိပ်ရာ ပေါ်မှာ လဲလျောင်း အနားယူဖို့လည်းလိုအပ်ပါတယ်။
ဖျားနာတုပ်ကွေးမိပါက အစာမစားဘဲမနေပါနဲ့။ အာဟာရပြည့်ပြည့်ဝဖြစ်ရပါမယ်။ ကြေလွယ်သောအစာပျော့များ စားရပါမယ်။ အနားယူရပါမယ်။ အဖျား ၄ ရက် မှ ၇ ရက်အထိ ရောဂါခံစားရနိုင်ပါတယ်။
#ရာသီတုပ်ကွေးမကူးစက်စေရန်
ကာကွယ်ခြင်းသည်အကောင်းဆုံးဖြစ်ပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းရေး ဂရုတစိုက် ထိန်းသိမ်းပါမယ်။ လက်ကိုမကြာခဏ ဆေးပေးရပါမယ်။ ကိုယ်ခံအားတိုးမြှင့်ဖို့ အားကစားလိုက်စားမယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အာဟာရတွေကို စားသုံးပေးမယ်ဆိုရင် အကောင်းဆုံးပါပဲ။
တုပ်ကွေးကာကွယ်ဆေးလည်း ကြိုတင်ထိုးနှံထားလို့ရပါတယ်။ သက်ကြီးရွယ်အိုတွေ ၊ ကလေးငယ်တွေနဲ့ ကျန်းမာရေးစောင့်ရှောက်ပေးသူတွေက မဖြစ်မနေ ဆေးထိုး သင့်ပါတယ်။
ကာကွယ်ဆေးများအနေနဲ့ Trivalent vaccine, Quadrivalent vaccines စသည်ဖြင့် ကာကွယ်ဆေးများရရှိနိုင်ပါတယ်။ ဒါဟာ ၂၀၂၃ ခုနှစ် မိုးရာသီအတွက် ဖြစ်ပေါ်နိုင်တဲ့ ရာသီတုပ်ကွေး ဗိုင်းရပ်စ် ကိုကြိုတင်ခန့်မှန်းပြီး ကာကွယ်ဆေးထုတ် ဖော်ထားတာဖြစ် ပါတယ်။
ကာကွယ်ဆေးထိုးထားပါက ရောဂါကြောင့်ဖြစ်လာမယ့် ဆိုးဆိုးရွားရောဂါ လက္ခဏာ တွေကိုကာကွယ်ပေးပါတယ်။ နမိုးနီးယားလို့ခေါ်တဲ့ ရာသီတုပ်ကွေးရောဂါရဲ့ နောက်ဆက်တွဲ အဆုတ်ရောင်ရမ်းခြင်းကိုလည်း အဖြစ်နည်းစေပါတယ်။ ကာကွယ်ပေး ပါတယ်။
ကာကွယ်ဆေးထိုးထားခြင်းဖြင့် မိသားစု၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက် အနီးအနား လူများမှကူးစက်ခြင်းကိုလည်း တားဆီးကာကွယ် ပေးပါတယ်။ COVID-19 ရောဂါနဲ့ ဆင်တူတဲ့ရောဂါလက္ခဏာတွေ ဖြစ်တဲ့ ကိုယ်ပူခြင်းချောင်းဆိုးခြင်း နှာရည်ယိုခြင်း ခေါင်းကိုက်ခြင်း တွေကို လျော့နည်းစေတာကြောင့် COVID-19 ရောဂါကူးစက်ခဲ့ပါက ကုသမှုအမှန် အမြန်ရစေပါတယ်။
ဒါကြောင့် အဖြစ်များပြီး ကူးစက်လွယ်တဲ့ ရာသီတုပ်ကွေးကို ဝေဒနာရောဂါ ဖြစ်ပေါ်မှ ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းဖြင့် တာဆီးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
ဓာတ်ပုံ-အင်တာနက်
#မြန်မာနိုင်ငံ #ကူးစက်လွယ်ရာသီတုပ်ကွေးရောဂါ #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times